နေပြည်တော် ၂၀ နိုဝင်ဘာ
(၁၁)ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေး (11th ASEAN Education Ministers Meeting) ကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ဖိလစ်ပိုင်နိုင်ငံက တာဝန်ယူ၍ အွန်လိုင်းဖြင့် ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ အာဆီယံနိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် အာဆီယံ အထွေထွေအတွင်းရေးမှုးချုပ်တို့ တက်ရောက်ကြပြီး ပညာရေးဝန်ကြီးများက အလှည့်ကျ မိန့်ခွန်းပြောကြားကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုနှင့်အတူ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများ၏ ပညာရေးစနစ်များ ပြောင်းလဲခဲ့ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ ဘေးကင်းလုံခြုံ၍ ကျန်းမာပျော်ရွှင်သော အရည်အသွေးရှိ သင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံးစေရန်နှင့် အနာဂတ်၌ ထပ်မံကြုံတွေ့လာနိုင်သည့် ကိစ္စရပ်များကို အကောင်းဆုံးရင်ဆိုင်နိုင်ရန်အတွက် လက်ရှိ ပညာရေးစနစ်ကို ပြန်လည်ပုံဖော်ရာတွင် အစိုးရများနှင့် ပညာရေးဌာနများအနေဖြင့် စိန်ခေါ်မှုများ ရင်ဆိုင်နေရပါကြောင်း။
ပညာရေးဝန်ကြီးဌာန၏ Education Channel မှတစ်ဆင့် ဗွီဒီယိုသင်ခန်းစာများကို ထုတ်လွှင့်ပေးနေသကဲ့သို့ ဆရာများ၏ စွမ်းဆောင်ရည်မြင့်မားရေးအတွက် မြန်မာဒီဂျစ်တယ်ပညာရေး ပလက်ဖောင်း (Myanmar Digital Education Platform) မှတစ်ဆင့် အွန်လိုင်းသင်တန်းများ ပို့ချပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ ကျောင်းသားများ သင်ယူမှုအခွင့်အလမ်း မဆုံးရှုံးစေရေးဟူသော ပညာရေးဝန်ကြီးဌာန၏ မူဝါဒအပေါ် အခြေခံလျက် အစိုးရနှင့် ပုဂ္ဂလိကပိုင် ရုပ်မြင်သံကြားလိုင်းများနှင့် FM ရေဒီယိုတို့နှင့်ပူးပေါင်းကာ လေ့လာသင်ယူမှုအခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ရန် စီစဉ်လျက်ရှိပါကြောင်း၊ DBE Boxes များနှင့် ဒီဂျစ်တယ် သင်ကြား-သင်ယူမှု ဆိုင်ရာ Toolkits များကို အင်တာနက်လိုင်းများမရရှိနိုင်သည့် ဝေးလံခေါင်ဖျားဒေသများတွင် အသုံးပြုနိုင်ပါကြောင်း၊ DBE Boxes များနှင့် ဒီဂျစ်တယ်သင်ခန်းစာများကို ပြုစုလျက်ရှိသကဲ့သို့ Myanmar National Open University ဖော်ဆောင်နိုင်ရေးအတွက်လည်း လေ့လာဆွေးနွေးလျက် ရှိပါကြောင်း။
ပညာရေးဝန်ကြီးဌာနသည် ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်း၍ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၂၁-၂၀၃၀) မူကြမ်းကို ရေးဆွဲရာတွင် ကျောင်းသား ကျောင်းသူများ လူသားကောင်း စိတ်ဓာတ်ရှိမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ တာဝန်ယူမှု တာဝန်ခံမှုနှင့် ဆန်းသစ်တီထွင်မှုကို ဦးတည်လျက် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှု(IQ)၊ စိတ်ဓာတ် ရင့်ကျက်တည်ငြိမ်မှု၊ တစ်ပါးသူကို စာနာပေးနိုင်မှု (EQ) နှင့် ၂၁ ရာစု အရည်အသွေးများ ပြည့်ဝစေရေးအတွက် ဦးတည်ဆောင်ရွက်သွားမည် ဖြစ်သကဲ့သို့ နိုင်ငံတော်အစိုးရ၏ ရည်မှန်းချက်များ၊ မဟာဗျူဟာများ၊ မူဝါဒများနှင့်အတူ အာဆီယံ ပညာရေးစီမံချက်များနှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (SDG) ၏ ရည်မှန်းချက်များ ပြည့်မီရေးအတွက် လာမည့် (၁၀)နှစ်အတွင်း အကောင်အထည်ဖော်မည့် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ထည့်သွင်းပုံဖော်သွားမည် ဖြစ်ပါကြောင်း။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကြေညာစာတမ်း (၂၀၂၀ ခုနှစ်)၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) (၂၀၁၈-၂၀၃၀)၊ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (SDG) (၂၀၃၀) ၏ ရည်မှန်းချက်များ၊ အမျိုးသားပညာရေးဥပဒေ(၂၀၁၄)၊ သိပ္ပံနှင့်နည်းပညာဥပဒေ(၂၀၁၈)၊ ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍလေ့လာသုံးသပ်မှု (CESR) (၂၀၁၆)၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း နှစ်လယ်သုံးသပ်ချက်အစီရင်ခံစာ (၂၀၁၉)မှ ထောက်ခံအကြံပြုချက်များ အပါအဝင် အစီရင်ခံစာများ၊ တင်ပြချက်များကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုံးသပ်၍ Stakeholders များ၏ သဘောထားမှတ်ချက်နှင့် အကြံပြုချက်များကို ပေါင်းစပ်ကာ အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) မူကြမ်းကို ရေးဆွဲပြုစုသွားမည် ဖြစ်ပါကြောင်း။
၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ကျင်းပခဲ့သော ဆီမီယိုအစည်းအဝေးရလဒ်များနှင့် ဦးစားပေး (၇)ရပ်တို့ကို မိမိတို့ အနီးကပ်ပူးပေါင်း အကောင်အထည်ဖော်သွားကြမည် ဖြစ်ပါကြောင်း၊ သဘာဝအရင်းအမြစ်များမှာ အကန့်အသတ်ရှိပြီး လူသားအရင်းအမြစ်များမှာ ပိုမိုတန်ဖိုးရှိပါကြောင်း၊ သင်ယူလေ့လာမှုမှာမူ အနန္တအရင်းအမြစ်များဖြစ်ပြီး အနန္တရတနာသိုက်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အာဆီယံဒေသတွင် တစ်သက်တာ ဒီဂျစ်တယ်ပညာရေး အခွင့်အလမ်း မြှင့်တင်ခြင်းဖြင့် ၂၁ ရာစု အရည်အသွေးများ ပိုင်ဆိုင်ရန် တစ်သက်တာသင်ယူမှုများကို လေ့ကျင့်ပျိုးထောင်သွားကြမည် ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာသူများအားလုံး ကျန်းမာပျော်ရွှင်စေရန်နှင့် (၁၁)ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက် အောင်မြင်စွာ ကြေညာနိုင်စေရန် ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ (၁၁)ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေး ပူးတွဲကြေညာချက်ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


