မန္တလေး ၂၀ နိုဝင်ဘာ

မန္တလေးနန်းမြို့သည့် စိတ်ဝင်စားဖွယ်ရာ လေ့လာစရာများစွာတည်ရှိပြီး သမိုင်းတန်ဖိုး မြင့်မားစွာတည်ရှိနေသော နေရာပင်ဖြစ်သည်။ စနစ်တကျ တည်ဆောက်ထားသော နန်းမြို့ရိုးများမှာ အရပ်မျက်နှာအလိုက် စိတ်ဝင်စားဖွယ်ကောင်းလှသည်။ စိတ်ဝင်စားဖွယ်ရာ နန်းမြို့ရိုးမှာ မြို့တံခါး ၁၂ ရပ်ကို ယွန်းဆက် ပြေတန်ဆောင်း ပြာသာဒ်၊ တိုင်များစိုက် ထူထားသည်။ မြို့တော်လေးမျက်နှာ ဓာတ်တံခါးလေးရပ်ကို ပြာသာဒ်ဘုံခုနစ်ဆင့်၊ မိတ်တံခါး ရှစ်ရပ်ကို ပြာသာဒ်ဘုံငါးဆင့်၊ ထောင့်ပြကြီးလေးခု၊ ပြငယ် ၃၂ ခုတို့ကို ပြာသာဒ်ဘုံ ၅ ဆင့်စီဖြင့် စနစ်တကျ တည်ဆောက်ထားခဲ့သည်။ မြို့ဝင်မြို့ထွက် တံခါး ၁၂ ရပ်ရှိရာ တစ်မျက်နှာ တံခါးပေါက်သုံးပေါက်ရှိပြီး အလယ်တံခါးကို ကျုံးကူးတံတားဖြင့် တည်ဆောက်ပြီး ဓာတ်တံခါးဖြစ်ကာ ဝဲ/ယာ တံခါးနှစ်ခုမှာ မိတ်တံခါးများဖြစ်သည်။

နန်းမြို့ရိုး တောင်မျက်နှာ အရှေ့စွန်ရှိ ကျွန်းလုံးယူတံခါးကို ဝန်ထောက် ဖောင်ဝန် မြို့သစ်မြို့စား မဟာမင်းထင် သီဟသူ ကြီးကြပ်တည်ဆောက်ခဲ့သည်။ မိတ်တံခါးဖြစ်ပြီး ကုလားဟူသော မိတ်ဘက်နံသင့်အရ ဇမ္ဗူဒီပါတစ်ကျွန်းလုံးကို သိမ်းကျုံးယူမည်ဆိုသော သုတိမင်္ဂလာ သြဘာနိမိတ်ကိုယူကာ ကျွန်းလုံးယူတံခါးဟု သမုတ်ခဲ့သည်။ လက်ရှိကာလတွင် မင်္ဂလာတံခါးဟု လူသိများသည်။

နန်းမြို့ရိုးတောင်မျက်နှာ အလယ်ရှိ ကျော်မိုးတံခါးကို လောင်းရှည်မြို့စား အတွင်းဝန်မင်းကြီး မဟာစည်သူ ကြီးကြပ်တည်ဆောက်ခဲ့သည်။ ကောလီဓာတ်တံခါးကို ဂဗ္ဗေ ဟူသော ဓာတ်နံသင့်အရ ဘုန်းတန်းတော် လွှမ်းမိုးရမည်ဆိုသော သုတိမင်္ဂလာ သြဘာနိမိတ်ကိုယူကာ ကျော်မိုးတံခါးဟု သမုတ်ခဲ့ခြင်းဖြစ်သည်။

နန်းမြို့ရိုးတောင်မျက်နှာ အနောက်စွန်ရှိ ရန်နှင် တံခါးကို ဗန်းမော်အတွင်းဝန်မင်းကြီး မဟာမင်းလှစည်သူ ကြီးကြပ်တည်ဆောက်ခဲ့သည်။ မိတ်တံခါးဖြစ်ကာ နောင်ရင်းဆိုသော မိတ်ဘက်နံသင့်အရ ရန်အပေါင်းကိုနှိမ်နင်းမည်ဆိုသော သုတိမင်္ဂလာ သြဘာနိမိတ်ကိုယူကာ ရန်နှင့် တံခါးဟု သမုတ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိကာလတွင် မြို့ရိုးများမှာ ထန်းပင်နောက်ခံ အလှရှုခင်းများဖြင့် လှပကာ စိတ်ဝင်စားဖွယ်ရာ နေရာတစ်ခုအဖြစ် တည်ရှိနေသည်။

တိမ်တမန်