နေပြည်တော် ၂၀ နိုဝင်ဘာ

(၃၁)ကြိမ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ၊ Unicef မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Ms. June Kunugi ၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာအမျိုးသား ကော်မတီဝင်များ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးမူဝါဒ ရေးဆွဲရေး နည်းပညာဆိုင်ရာ လုပ်ငန်းကော်မတီဝင်များ၊ ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ နည်းဥပဒေ ရေးဆွဲရေးအဖွဲ့ဝင်များ၊ ဆယ်ကျော်သက်ကလေးသူငယ် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ကမ္ဘာတစ်ဝန်းလုံးရှိ ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ မြှင့်တင်ဆောင်ရွက်ရန်အတွက် ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာ (၂၀)ရက်တွင် ကျင်းပခဲ့သော (၄၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေ‌ထွေညီလာခံက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အပြည်ပြည်ဆိုင်ရာစာချုပ်ကို အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ ထိုရက်ကို  ဂုဏ်ပြုသည့်အနေဖြင့် နှစ်စဉ် နိုဝင်ဘာ (၂၀) ရက်ကို World Children’s Day (ကမ္ဘာ့ကလေးများနေ့)အဖြစ် သတ်မှတ်၍ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလျက်ရှိကြရာ ယခုနှစ်သည် (၃၁)ကြိမ်မြောက် ဖြစ်ကြောင်း။

မြန်မာနိုင်ငံသည် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အပြည်ပြည်ဆိုင်ရာစာချုပ်ကို ၁၉၉၁ ခုနှစ်၊ သြဂုတ် (၁၅) ရက်တွင် လက်မှတ်ရေးထိုးပြီး အဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်ခဲ့ပြီး ကလေးသူငယ်များနှင့် ပတ်သက်၍ အခြားနိုင်ငံများနည်းတူ “ကမ္ဘာ့ကလေးများနေ့” အခမ်းအနားများကို ကျင်းပလျက်ရှိသည့်အပြင် ဖေဖော်ဝါရီ (၁၃)ရက်၊ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ကို “မြန်မာ့ကလေးများနေ့” ဟု သတ်မှတ်ပြီး နှစ်စဉ်နှစ်တိုင်း ကလေးသူငယ်များအတွက် နိုင်ငံတစ်ဝှမ်းမှာ အထိမ်းအမှတ်အခမ်းအနားများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။

မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာများကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး မွေးစမှ(၈)နှစ်အရွယ်အထိ ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ငန်းအစီအစဉ်များ၊ တိုင်းတာစစ်ဆေးမှုများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၇)ရက်တွင် ကလေးသူငယ်အား ရောင်းချခြင်းနှင့် ညစ်ညမ်းရုပ်ပုံများဆိုင်ရာ နောက်ဆက်တွဲ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ (၂၇)ရက်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၏ နောက်ဆက်တွဲစာချုပ်တစ်ခုဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်တွင်လည်း ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း။

ထို့အပြင် ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်များ ဥပဒေနှင့် ၂၀၀၁ ခုနှစ်တွင် ကလေးသူငယ် နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ဥပဒေများကို လိုအပ်သလို ပြန်လည်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိပြီး ကလေးသူငယ်များကို ဥပဒေနဲ့အညီ ဘက်ပေါင်းစုံမှ ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရန် ၁၉၉၃ ခုနှစ်၊ ကလေးသူငယ်ဥပဒေကို ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၂၃ ရက်တွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်အဖြစ် ရေးဆွဲအတည်ပြု ပြဋ္ဌာန်းခဲ့ပါကြောင်း။

ထိုကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသစ်တွင် ပိုမိုထိရောက်စွာ ကာကွယ်စောင့်ရှောက်နိုင်ရန်၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများကို ကလေးသူငယ်တိုင်း ခွဲခြားဆက်ဆံမှုကင်းပြီး တန်းတူညီမျှစွာ လက်လှမ်းမီခံစားရရှိရန် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ထားရှိပါကြောင်း၊ ထို့အပြင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအရ တိကျသော နည်းဥပဒေပြဋ္ဌာန်းချက်များ ပေါ်ပေါက်လာစေရန် ဆက်လက်‌ဆောင်ရွက်လျက်ရှိပါကြောင်း။

ကလေးသူငယ် တစ်ဦးချင်းစီအတွက် ကလေးသူငယ်အခွင့်အရေးများနှင့်အညီ နည်းလမ်းမှန်များဖြင့် ပြုစုကာကွယ်စောင့်ရှောက်နိုင်ရန် စနစ်ကျသော မူဝါဒတစ်ရပ်လည်း လိုအပ်လျက်ရှိရာ နိုင်ငံတကာစံနှုန်းများနှင့်အညီ လက်တွေ့ကျ၍ တိုင်းပြည်၏ လက်ရှိအခြေအနေနှင့် ကိုက်ညီသော အမျိုးသားအဆင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ မူဝါဒတစ်ရပ် ဖြစ်ပေါ်စေရေး နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့က အရပ်ဘက်အဖွဲ့အစည်းများ၏ အကြံပြုချက်များကို ရယူရေးဆွဲလျက်ရှိကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံဖြစ်သည့်အတွက် ကော်မတီသို့ (၅)နှစ်တစ်ကြိမ် အစီရင်ခံစာတင်သွင်းရန်တာဝန်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကုန်တွင် တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်သည် ကလေးသူငယ်များအတွက် အခွင့်အရေးများ ကိုဖော်ဆောင်ရာတွင် ဒီမိုကရေစီ စံနှုန်းများကို မြှင့်တင်နိုင်သော ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်ပြီး အခြေခံအုတ်မြစ်ကောင်းများကို ချမှတ်နိုင်သော နှစ်ဖြစ်ကြောင်း၊ ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ကြီးက ယခုနှစ် ကမ္ဘာ့ကလေးများနေ့အတွက် ချမှတ်ပေးထားသည့်ဆောင်ပုဒ်မှာ “A Day to reimagine a better future for every child” “ကလေးအားလုံးရဲ့ အနာဂတ်လှပဖို့ စိတ်ကူးပုံဖော်ဆောင်ရွက်စို့” ဖြစ်ကြောင်း၊ ယခုအချိန်ခါသည် ကိုဗစ်-၁၉ ကပ်ရောဂါကျရောက်ဆဲကာလ ဖြစ်သည့်အတွက် ကလေးသူငယ်များ၏ အခွင့်အရေးများဖော်ဆောင်ပေးရာမှာ အခက်အခဲများ ကြုံတွေ့နေရသော်လည်း လတ်တလော ဖြေရှင်းဆောင်ရွက်ပေးခြင်းမပြုပါက ကလေးငယ်များ၏ ဘဝတစ်သက်တာလုံးအတွက် ထိခိုက်စေနိုင်မည်ဖြစ်သည့်အတွက် အနာဂတ်မျိုးဆက်သစ်များအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလှုံ့ဆော်ထားခြင်း ဖြစ်ကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် မသန်စွမ်းကလေး သူငယ်များ၊ အလုပ်လုပ်နေရသော ကလေးများ၊ ရွှေ့ပြောင်းကလေးများ၊ တိုက်ပွဲရှောင်ကလေးများ၊ လူကုန်ကူးခံရသော ကလေးများ၊ ရင်ခွင်မဲ့ကလေးများ၊ လမ်းပေါ်နေကလေးများ၊ သက်ငယ်မုဒိမ်း ကျူးလွန်ခံရသော ကလေးငယ်များ၊ ဥပဒေနှင့် ရင်ဆိုင်နေရသောကလေးများအတွက် ကြိုတင်ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုအသိုင်းအဝန်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးတို့ကိုလည်း သက်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအစိုးရများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ယူနီဆက်(မြန်မာ) အပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းပြီး အချိန်နှင့်တပြေးညီ လိုအပ်ချက်များ ဖော်ထုတ်ကာ အစီအမံများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဦးတည်ကြိုးပမ်းလျက်ရှိရာမှာ တိုင်းရင်းသားဒေသရှိ ကလေးသူငယ်များ အပါအ၀င် ပြည်သူများ တစ်ဦးချင်းစီအား လူမျိုးဘာသာ မခွဲခြားဘဲ၊ တစ်ဦးတစ်ယောက်မျှ မချန်လှပ်ဘဲ သာတူညီမျှခံစားရရှိရေး၊ မဖြစ်မ နေအကောင်ဖော် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း။

နိဂုံးချုပ်အနေဖြင့် ကလေးသူငယ်များနှင့် ပတ်သက်၍ ကလေးသူငယ်များ၏ မွေးရာပါ အခွင့်အရေးမဆုံးရှုံးစေရန်၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ကလေးများအားလုံး သိရှိရန်နှင့် ကလေးတိုင်း လက်လှမ်းမီ တန်းတူညီတူရရှိနိုင်ရန် ကလေးသူငယ်များ၏ အသံများကိုပါ နားထောင်ပြီး ကလေးသူငယ်များ၏ လိုအပ်ချက်များကို တာဝန်ရှိသူများက အစွမ်းကုန် ဆောင်ရွက်ပေးကြပါရန်နှင့် လိုအပ်သော ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာ ကဏ္ဍအသီးသီးကနေ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံမှ ပေးပို့လာသောသဝဏ်လွှာအား UNICEF Myanmar မှ ဌာနေကိုယ်စားလှယ် Ms. June Kunugi က ဖတ်ကြားသည်။

ယင်းနောက် ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ်အတွက် ကလေးသူငယ်များ၏ အခွင့်အရေးများနှင့်စပ်လျဉ်းသော ဆောင်ရွက်ချက် ဗီဒီယိုမှတ်တမ်းပြသခဲ့ပြီး ကလေးကိုယ်စားလှယ်တစ်ဦးက ကလေးသူငယ် အခွင့်အရေးများနှင့်ပတ်သက်၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ပါရန် တာဝန်ရှိသူများထံ တင်ပြတောင်းဆိုခဲ့ပြီး  အခမ်းအနားကို  ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်