နေပြည်တော် ၂၀ နိုဝင်ဘာ
အသေးစား၊ အလတ်စား အရက်ချက်စက်ရုံများ၏ အရက်ထုတ်လုပ်နိုင်မှုနှင့် သတ်မှတ်လုပ်ထုံးလုပ်နည်း လိုက်နာမှုအခြေအနေနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်ချက်အရ အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေး ကော်မတီကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကော်မတီအနေဖြင့် ယမကာများကို ထုတ်လုပ်မှု၊ တင်သွင်းမှု၊ ရောင်းချမှုများနှင့် ပတ်သက်၍ သတ်မှတ်လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေး ဆောင်ရွက်လျက်ရှိကြောင်း။
ကော်မတီအနေဖြင့် ကော်မတီအစည်းအဝေးများကိုလည်း ပုံမှန်ကျင်းပပြီး ယမကာများ ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှု၊ သက်ဆိုင်ရာ ယစ်မျိုးလိုင်စင်များ လျှောက်ထားမှု ကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးဆုံးဖြတ်ချက်များကို ချမှတ်ခြင်း၊ လိုအပ်ပါက အထက်အဖွဲ့အစည်းများသို့ တင်ပြဆောင်ရွက်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အချို့ကိစ္စရပ်များတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ အသင်းအဖွဲ့များ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၏ သဘောထား၊ အကြံပြုချက်များကို ရယူဆောင်ရွက်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ အရက်ချက် စက်ရုံလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အသေးစားနှင့် အလတ်စား အရက်ချက်စက်ရုံ လုပ်ငန်းရှင်များအနေဖြင့် လက်ရှိ လုပ်ငန်းဆောင်ရွက်မှု၊ စက်ရုံလည်ပတ် ဆောင်ရွက်နိုင်မှုအခြေအနေ၊ အရက်ချက်စက်ရုံပိုင်ဆိုင်ခွင့်၊ ချက်လုပ်ခွင့်လိုင်စင်များ ရယူဆောင်ရွက်ရာတွင် သက်ဆိုင်ရာဆက်စပ်ဌာနများ၏ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နိုင်မှုအခြေအနေများ၊ အထူးသဖြင့် လုပ်ငန်းရှင်များ၏ ရေဆိုးသန့်စင်စွန့်ပစ်စနစ် တပ်ဆင်နိုင်မှုအခြေအနေများကို သိရှိနိုင်ရေးအတွက် အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ၏ ဆောင်ရွက်မှုအခြေအနေများကို ရယူစုစည်းသွားပြီး နောက်တစ် ကြိမ်ကျင်းပမည့် အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးတွင် ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ အရက်ချက်စက်ရုံ လုပ်ငန်းရှင်များက ၎င်းတို့၏ စက်ရုံလည်ပတ်နိုင်မှုအခြေအနေ၊ ရေဆိုးသန့်စင်စွန့်ပစ်စနစ် တပ်ဆင်ဆောင်ရွက်နိုင်မှု အခြေအနေ၊ D-1၊ D-2 ယစ်မျိုးလိုင်စင်များရယူ၍ လုပ်ငန်းဆောင်ရွက်ရာတွင် လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ အခက်အခဲများကို တင်ပြဆွေးနွေးကြပြီး သက်ဆိုင်ရာဌာနများမှလည်း ဌာနအလိုက် သတ်မှတ်လုပ်ထုံးလုပ်နည်း၊ သတ်မှတ်ချက်များ၊ လုပ်ငန်းရှင်များ၏ တင်ပြဆွေးနွေးချက်များအရ ဆက်လက်ညှိနှိုင်းဆောင်ရွက်မည့် အစီအစဉ်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။
သတင်းစဉ်