နေပြည်တော် ၂၀ နိုဝင်ဘာ

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများ အသင်းချုပ်မှ အလှူငွေ ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်၍ ကျေးဇူးတင်စကား ပြောကြားသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ်၏ ဥက္ကဋ္ဌ ဦးအိုက်ထွန်းက မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပြည်သူများကိုယ်တိုင် ပါဝင်ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှုရရှိမည်ကို မိမိတို့သိရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် တတ်အားသရွေ့ ပါဝင်လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယခုကဲ့သို့ မိမိတို့မြန်မာ နိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်နေရချိန်တွင် ဌာနဆိုင်ရာအသီးသီးက လုပ်ငန်းများကြိုးပမ်း ဆောင်ရွက်နေသကဲ့သို့ ပြည်သူများကလည်း ငွေကြေးအားဖြင့်သော်လည်းကောင်း၊ လုပ်အားဖြင့် သော်လည်းကောင်း ပါဝင်ပံ့ပိုးဆောင်ရွက်နေကြသည်ကို တွေ့မြင်နေရပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် လက်တွေ့မြေပြင်တွင် လူနာများအား ကိုင်တွယ်ကုသမှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများကို ကျေးဇူးတင်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် ကိုဗစ်-၁၉ ကပ်ရောဂါကို အများဆုံး ထိခိုက်ခံစား နေရပါကြောင်း၊ မိမိတို့နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ကြောင့် ကြုံတွေ့ရသော အကြပ်အတည်းများကို ဖြေရှင်းဆောင်ရွက်ရာတွင် ပြည်သူများမှ ဆက်လက် ဝိုင်းဝန်းကူညီကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လှူဒါန်းမှုများအပေါ် ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားရာတွင် ယခုကဲ့သို့ လှူဒါန်းမှုများသည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် များစွာအကျိုးရှိမည်ဖြစ်ပြီး လူနာများ၏ အသက်ကိုကယ်တင် ကုသရာတွင် အသုံးပြုနိုင်မည်ဖြစ်သဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ အား ရောဂါကူးစက်ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်ပြီး ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်မှသာ စီးပွားရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများကို ပုံမှန်အနေအထားအတိုင်း အမြန်ဆုံးပြန်လည်လုပ်ကိုင်လာနိုင်မည် ဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများကို ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြပါရန် အထူးအရေးကြီးပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း ကိုဗစ်-၁၉ ကာကွယ် ရေးနည်းလမ်းများအား လက်ဆင့်ကမ်းဝေမျှခြင်းနှင့် လိုက်နာဆောင်ရွက်ကြစေရန်နှင့် အချင်းချင်း တိုက်တွန်းနှိုးဆော်ခြင်းများ ပြုလုပ်စေလိုပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များ၌ ပါးစပ်နှင့်နှာ ခေါင်းစည်း (Mask) မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိရာတွင် ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ်မှ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ငွေကျပ် သိန်း (၅,၀၀၀) နှင့် ကိုဗစ်-၁၉ ကာကွယ်၊ ကုသရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်ဆေးရုံများ အဆင့်မြှင့်တင်ရန်အတွက် ငွေကျပ် သိန်း (၂,၀၀၀) ကို မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ်၏ ဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်သည်။

သတင်းစဉ်