နေပြည်တော် ၂၀ နိုဝင်ဘာ

အမျိုးသားအဆင့် ပဋိဇီဝဆေး ယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာ ကော်မတီ (တတိယအကြိမ်) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် (၂၀၁၉) ခုနှစ်၌ ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာအား ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးပြဿနာကြီး (၁၀) ခုတွင် ထည့်သွင်းခဲ့ပါကြောင်း၊ ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့်လည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ လူအများ စားသုံးရန် စီးပွားဖြစ်မွေးမြူထားသော ကြက်၊ ဝက်စသည်တို့ ကိုယ်အလေးချိန်တိုးလာစေရန်အတွက် ပဋိဇီဝဆေးများကို တိရစ္ဆာန်အစာများတွင် ထည့်သွင်းခြင်းကြောင့် ထိုကြက်၊ ဝက်များကို လူတို့စားသုံးခြင်းမှ တစ်ဆင့် လူအများ၌ ပဋိဇီဝဆေးယဉ်ပါးမှုများ ဖြစ်ပွားနိုင်ပါကြောင်း။

(၂၀၁၅) ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးညီလာခံ၌ ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်း စီမံကိန်း (Global Action Plan) ကို သဘောတူ ချမှတ်ခဲ့ပါကြောင်း၊ အဆိုပါ ကမ္ဘာလုံးဆိုင်ရာလုပ်ငန်း စီမံကိန်း (Global Action Plan) နှင့် ကိုက်ညီစွာဖြင့် မိမိတို့နိုင်ငံအတွက်ရေးဆွဲထားသော လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ အမျိုးသားပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာ ညှိနှိုင်းရေးဌာနသည်  အသိပေးနှိုးဆော်ခြင်းအဖွဲ့၊ ပဋိဇီဝဆေးယဉ်ပါးမှု စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့၊ ရောဂါကူးစက်မှုထိန်းချုပ်ရေးအဖွဲ့၊ ပဋိဇီဝဆေးသုံးစွဲမှု ကြီးကြပ်ရေးအဖွဲ့နှင့် သုတေသနနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းအဖွဲ့တို့ ဖွဲ့စည်းကာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း။

လက်ရှိ ထင်ထင်ရှားရှားတွေ့မြင်နိုင်သည့် ပဋိဇီဝဆေးယဉ်ပါးမှုမှာ ဆေးယဉ်ပါး တီဘီရောဂါနှင့် ပြင်းထန်ဆေးယဉ်ပါး တီဘီရောဂါတို့ ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်၌ အရည်အသွေးပြည့်ဝသော ပဋိဇီဝဆေးများ ဝယ်ယူနိုင်ရန် သက်ဆိုင်ရာ ပါမောက္ခများနှင့် ပညာရှင်ကြီးများ ပါဝင်သည့် ယာယီအဖွဲ့တစ်ခုဖွဲ့စည်းကာ အကြံပြုချက်များ ရယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိအမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာ ကော်မတီကိုလည်း အသစ်မွမ်းမံဖွဲ့စည်းသွားမည် ဖြစ်ပါကြောင်း။

ပဋိဇီဝဆေးယဉ်ပါးမှုကို တိုက်ဖျက်ရာ၌ ပြည်သူများ၏ ကျန်းမာရေးအသိပညာ မြင့်မားရေးသည် အရေးကြီးသကဲ့သို့ ဆေးတင်သွင်းသူများနှင့် ဆေးရောင်းချသူများ အနေဖြင့်လည်း စည်းကမ်း ဥပဒေများလိုက်နာ ဆောင်ရွက်ရေးသည် အရေးကြီးပါကြောင်း၊ အရည်အသွေး မပြည့်ဝသော ပဋိဇီဝဆေးများသုံးစွဲခြင်း၊ ပဋိဇီဝဆေးများအား မလိုအပ်ဘဲ သုံးစွဲခြင်းနှင့် ဆေးပတ်လည် သတ်မှတ်ရက်ပြည့်အောင် မသောက်သုံးခြင်းတို့ကြောင့် ဆေးယဉ်ပါးမှုများ ဖြစ်ပွားမှုများရှိနေပါကြောင်း၊ သို့ဖြစ်၍ ပဋိဇီဝဆေးများအား သက်ဆိုင်ရာ ဆရာဝန်ထံမှ ဆေးညွှန်းစာပါမှသာ ဆေးဆိုင်များက ရောင်းချစေရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ညှိနှိုင်းကာ အမြန်ဆုံး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ) ပါမောက္ခဒေါက်တာ ဌေးဌေးတင်က အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာ စီမံကိန်း (၂၀၁၇-၂၀၂၂) ကို အဆင့်ဆင့် ရေးဆွဲခဲ့မှု၊ ပဋိဇီဝဆေးယဉ်ပါးမှု အသိပညာမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု၊ ပဋိဇီဝဆေးယဉ်ပါးမှုဆိုင်ရာ အသိပညာရှိမှု အမျိုးသားအဆင့် စစ်တမ်းကောက်ယူ ထားရှိမှုနှင့် တွေ့ရှိချက်များ၊ ပဋိဇီဝဆေးယဉ်ပါးခြင်း စောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများ ဆောင်ရွက်နေမှု၊ အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းလမ်းညွှန် (၂၀၂၀) ကို ရေးဆွဲထားရှိမှု၊ ဆေးရုံများတွင်ပဋိဇီဝ ဆေးယဉ်ပါးမှု အချက်အလက်များအား ဆန်းစစ်သုံးသပ်မှုအစီရင်ခံစာများ ပြုစုဖြန့်ဝေထားရှိမှု၊ ပဋိဇီဝဆေး အသုံးပြုမှုနှင့် ကြီးကြပ်မှု အစီအစဉ် ထွက်ပေါ်လာရေးဆောင်ရွက်နေမှု၊ ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာ (AWaRe tool) ကို အသုံးချဆောင်ရွက်နေမှု၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ကဏ္ဍသုံးခုပူးပေါင်း၍ ပဋိဇီဝဆေးယဉ်ပါးမှုဆိုင်ရာ စစ်တမ်းဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် စီမံချက်များနှင့် လုပ်ငန်းများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို အကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆေးရုံများတွင် ပဋိဇီဝဆေးအမျိုးအစားအလိုက် အသုံးပြုမှုအခြေအနေများနှင့် ပဋိဇီဝဆေးများကို ကျိုးကြောင်းဆီလျော်စွာ အသုံးချရေး လုပ်ငန်းလမ်းညွှန်များအား လိုက်နာဆောင်ရွက်မှု အခြေအနေများကို ဆန်းစစ်လေ့လာခြင်းများ ပြုလုပ်စေလိုပါကြောင်း၊ ဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများရှိ ဆေးဆိုင်များတွင် ပဋိဇီဝဆေးများအား ဆရာဝန်ညွှန်းစာဖြင့်သာ ရောင်းချပေးခြင်းဖြင့် ပြည်သူများအနေဖြင့် ဆေးဝါးများအား စနစ်တကျသုံးစွဲနိုင်မည် ဖြစ်ပါကြောင်း၊ ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးလုပ်ငန်းတွင် အဓိက အခန်းကဏ္ဍတွင် ပါဝင်သည့် အမျိုးသား ကျန်းမာရေးဓာတ်ခွဲဌာန၏ ဖွဲ့စည်းပုံအင်အားကို တိုးချဲ့ရန် မိမိအနေဖြင့် မူအားဖြင့် သဘောတူပြီးဖြစ်သဖြင့် ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

သတင်းစဉ်