နယူးဒေလီ ၂၀ နိုဝင်ဘာ
အိန္ဒိယနိုင်ငံတစ်ဝန်း၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၅၈၈၂ ဦးထပ်မံတွေ့ရှိခဲ့ခြင်းနှင့် အတူ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၉၀၀၄၃၆၅ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်တာအတွင်း ၅၈၄ ဦး ထပ်မံသေဆုံးခဲ့ရာ အိန္ဒိယ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၁၃၂၁၆၂ ဦး ရှိလာကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။
အိန္ဒိယအစိုးရသည် နိုင်ငံတစ်ဝန်းရှိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၄၂၈၄၀၉ ဦးကို အောင်မြင်စွာ ဆေးဝါးကုသပေးခဲ့ပြီး ဆေးရုံများမှ ပြန်ဆင်းခဲ့ကြရာ လတ်တလောအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသောလူနာ ၄၄၃၇၉၄ ဦးသာ နိုင်ငံတစ်ဝန်းရှိ ဆေးရုံများတွင် ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
အိန္ဒိယအစိုးရသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ရန် ရောဂါစမ်းသပ်စစ်ဆေးမှုကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့ရာ နိုဝင်ဘာ ၁၉ ရက် တစ်ရက်အတွင်း လူဦးရေ ၁၀၈၃၃၉၇ ဦးတို့၏ နမူနာကို စမ်းသပ်စစ်ဆေးနိုင်ခဲ့ခြင်းနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်မှစ၍ ယနေ့အထိ လူဦးရေ ၁၂၉၅၉၁၇၈၆ ဦးတို့၏ နမူနာကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စမ်းသပ်စစ်ဆေးနိုင်ခဲ့သည်။
မြို့တော်နယူးဒေလီသည် လွန်ခဲ့သည့်ရက်အနည်းငယ်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမြင့်မားလာခြင်းနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ပြီးနောက် ဒေလီအစိုးရသည် ရောဂါကူးစက်မှုထိန်းချုပ်ရန် စည်းကမ်းမလိုက်နာသူများအား ဒဏ်ငွေ ရူပီး ၂၀၀၀ ရိုက်ခြင်းနှင့် လက်ထပ်ထိမ်မြားပွဲ၌ စောစောက သတ်မှတ်ထားသည့် ဧည့်သည် ၂၀၀ မှ ၅၀ အထိ ကန့်သတ်ခြင်းအပါအဝင် ရောဂါထိန်းချုပ်ရေးဆိုင်ရာ တင်းကျပ်သောအစီအမံကို အကောင်အထည်ဖော် ထားကြောင်း သိရသည်။
ထို့အပြင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် ပတ်သက်၍ နိုင်ငံ၏ အနောက်ဘက် ဂူဂျရတ်ပြည်နယ် အာမက်ဒဘတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ရန် ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာထားပြီး အမိန့်သည် ယနေ့ညမှ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ