ပခုက္ကူ   ၂၁   နိုဝင်ဘာ

 

ပခုက္ကူမြို့နယ်၊ ဆိက္ခဝအုပ်စု၊ ရွာသစ်ကျေးရွာအနီး ဧရာဝတီမြစ်အတွင်း နိုဝင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက ဧရာဝတီလင်းပိုင်ကို ဒေသခံများတွေ့ရှိပြီး မှတ်တမ်းတင် ရိုက်ကူးနိုင်ခဲ့သည်။

 

ဆိက္ခဝအုပ်စု၊ အုဌ်ကျောင်းကျေးရွာ၊ ရွာခွဲတာဝန်ခံ ဦးဝင်းကျော်ဦး၊ ဦးဘိုကြည်နိုင်၊ ဦးသန်းနိုင်နှင့် ဦးကြည်နိုင်စိုးတို့က ဧရာဝတီမြစ်အတွင်း သွားလာနေသည့် ဧရာဝတီလင်းပိုင်ကို တွေ့ရှိပြီး ဗီဒီယို မှတ်တမ်း ရိုက်ကူးနိုင်ခဲ့ခြင်းဖြစ်ပြီး အကောင်အရေအတွက်ကို အတိအကျ မသိရှိရကြောင်း သိရသည်။

 

ပခုက္ကူမြို့၊ဧရာဝတီတံတား(ပခုက္ကူ)အနီး အောက်တိုဘာလ အတွင်းက လင်းပိုင်သုံးကောင်ခန့် တွေ့ရှိရ ကြောင်း  ဒေသခံရေလုပ်သားများ၏ ပြောကြားချက်အရကြားသိရပြီး  မကြာမီ အောက်တိုဘာလ နောက်ဆုံး အပတ်ခန့်က ပခုက္ကူမြို့နယ် ရှားတောကျေးရွာနှင့် ညောင်ဦးမြို့နယ် သစ်ထောင့် ကျေးရွာအနီးတွင် ပထမဆုံးတွေ့ရှိ မှတ်တမ်းရယူနိုင်ခဲ့ကြသည်။

 

ဧရာဝတီလင်းပိုင်များ မျိုးတုန်းပျောက်ကွယ်မှု မရှိစေရေးအတွက် ဒေသခံပြည်သူများ၊ သက်ဆိုင်ရာ ဌာနများ၊‌ဒေသခံ ရေလုပ်သားများအနေဖြင့် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သင့်ကြောင်း ရေလုပ်သား တစ်ဦးက ပြောသည်။

 

ကိုတမာ(ပြန်ဆက်)