နောင်ချို   ၂၁  နိုဝင်ဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်ရှောက်ခြုံကျေးရွာ၌(၃၁)နှစ်မြောက်အပြည်ပြည် ဆိုင်ရာ ကလေးသူငယ် အခွင့်အရေးများနေ့  အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ရှောက်ခြုံဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှစာထောက်-၃ ဒေါ်အိအိစိုးက အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို အဖွင့် ပြောကြားခဲ့ပြီး World Vision Internation Myanmar မြို့နယ်စီမံချက်မန်နေဂျာဒေါ်ငွန်ဇလျန်က ဌာနေ ကိုယ်စားလှယ်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသည့် ကလေးငယ်များအား  ကြုံတွေ့နေရသောလွဲမှားစွာ ပြုကျင့်များနှင့် ပုံစံမျိုးစုံဖြင့် အကြမ်းဖက်ခံရခြင်းများ၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံနေရခြင်းများနှင့် ခွဲခြားဆက်ဆံမှု ခံနေခြင်းများကို သိရှိအောင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဉာဏ်စမ်းမေးခွန်းများအား World Visionမှတာဝန်ရှိသူများက ကလေးသူငယ်များအား မေးမြန်းခြင်း၊  အနာဂတ်မျှော်လင့်ချက် ပန်းချီပြိုင်ပွဲကို ပြုလုပ်ပေးခြင်းနှင့် အမှတ်တရ လက်ဆောင်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

 

ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ World Vision မှ တာဝန်ရှိသူ ဝန်ထမ်းများသည် မွန်းလွှဲ (၁)နာရီအချိန်တွင် မျက်ချီးနုကျေးရွာ အမက(မူလွန်)ကျောင်းတွင် (၃၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထွေးငယ်(နောင်ချို-ပြန်ဆက်)