နေပြည်တော် ၂၁ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ လန်ပိကျွန်းအနီး အဏ္ဏဝါ အမျိုးသားဥယျာဉ်ပတ်ဝန်းကျင်နှင့် ညောင်ဝိကျွန်းအနီးတစ်ဝိုက်၌ နိုဝင်ဘာလဆန်းပိုင်းတွင် ကျောက်ငါးများ ရေပေါ်မျောနေခြင်းနှင့်ပတ်သက်၍ ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး၍ ပေးပို့လာသည့် ကျောက်ငါးနမူနာ နှစ်ကောင်နှင့် ပင်လယ်ရေနမူနာများ (၁ မီတာ၊ ၁၈ မီတာ၊ ၃၆ မီတာအနက်တို့မှ) တို့အား ငါးလုပ်ငန်းပညာ၊ ရန်ကုန်တက္ကသိုလ်နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ရှိ ဓါတ်ခွဲခန်းများမှ စစ်ဆေးခဲ့ကြသည်။
ကျောက်ငါး၏ ပြင်ပလက္ခဏာများနှင့် ခန္ဓာကိုယ်အတွင်းအင်္ဂါများဖြစ်သော (Brain, Gallbladder, Heart, Swim bladder, Liver, Intestine, Stomach နှင့် Kidney) များ ပျက်စီးမှု ရှိ/မရှိ၊ ဗိုင်းရပ်စ်ရောဂါပိုး၊ ဘက်တီးရီးယားပိုးနှင့် ကပ်ရောဂါပိုးများရှိ/မရှိနှင့် နမူနာပေးပို့သည့် ပင်လယ်ရေတို့အား အဆင့်လိုက်စစ်ဆေးခဲ့ရာ ကျောက်ငါးများတွင် ဖြစ်ပွားလေ့ရှိသော ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနှင့် ကပ်ပါးရောဂါများကြောင့် သေဆုံးရခြင်းမဟုတ်သည်ကို တွေ့ရှိရပါကြောင်း၊ ကျောက်ငါး၏အသည်းမှာ အနည်းငယ်ကြီးနေသည်ကို တွေ့ရှိရပါကြောင်း၊ အသည်းကို ထိခိုက်စေနိုင်သည့် ရေထုထဲတွင် ပါဝင်နေသော ပြင်ပဓာတ်သတ္တု၊ မသန့်ရှင်းသော အညစ်အကြေးများကို အသည်းမှ ချေဖျက်ရခြင်းကြောင့် ဖြစ်ပေါ်သော ပျက်စီးမှုများဟု ယူဆရပါကြောင်း၊ ရေနမူနာများ၏ ဓာတ်ခွဲရလဒ်များအရ ရေအရည်အသွေးမှာ ငါးများသေဆုံးနိုင်သည့် အခြေအနေမရှိသော်လည်း Heavy metal (Arsenic, lead, Cadmium နဲ့ Mercury) ရှိ/မရှိ စမ်းသပ်ကြည့်ခဲ့ပြီး ရရှိခဲ့သော အဖြေများကို ASEAN Marine Water Quality Criteria များနှင့် နှိုင်းယှဉ်ကြည့်ခဲ့ရာ အာဆင်းနစ် (Arsenic), ခဲ(lead), ကက်ဒမီယမ်(Cadmium) ပါဝင်မှုမှာ အန္တရာယ်မရှိနိုင်သော်လည်း မာကျူရီ-ပြဒါး(Mercury) ပါဝင်မှုမှာ ရှိသင့်သည့်နှုန်းထက်မြင့်နေသည်ကို တွေ့ရှိရပါကြောင်း သိရသည်။
သေဆုံးသော ကျောက်ငါးများအား လူစားသုံးရန် ဘေးအန္တရာယ် ရှိ/မရှိ သိရှိနိုင်ရေးအတွက် ငါးနမူနာများ ထပ်မံတောင်းခံထားဆဲဖြစ်ပြီး ရရှိပါက ငါးအသားတွင်ပါရှိသော Heavy metalကို ဆန်းစစ်သွားနိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရေအောက်ပင်လယ်ရေစီးကြောင်းများ ပြောင်းလဲမှုကြောင့် ထိခိုက်မှု ရှိ/မရှိကို ပိုမိုသိရှိနိုင်ရေးအတွက် ဖြစ်ပွားရာဒေသသို့ ခရီးသွားခွင့်ရချိန်တွင် တိုက်ရိုက်သွားရောက် တိုင်းတာစစ်ဆေးနိုင်ပါက ဖြစ်ပွားရခြင်းအကြောင်းရင်းကို သိပ္ပံနည်းကျ ပိုမိုခိုင်လုံသောရလဒ်(အဖြေ)များ သိရှိနိုင်မည်ဖြစ်ပါကြောင်းနှင့် သတင်းထုတ်ပြန်နိုင်ရေးကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


