ရန်ကုန် ၂၂ နို၀င်ဘာ

(၅)ကြိမ်မြောက် Myanmar Script Fund (MSF) အစီအစဉ်ကို နိုဝင်ဘာ ၂၄ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် MEMORY ပွဲတော်အနေဖြင့် ကျန်းမာရေး အကျပ်အတည်းများကြောင့် MEMORY နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကဏ္ဍ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော လူအများစုဝေး၍ ရုပ်ရှင်များပြသခြင်းကို ကျင်းပပြုလုပ်နိုင်တော့မည် မဟုတ်ဘဲ အခြေအနေပေါ်မူတည်၍ ၂ဝ၂၁ ခုနှစ်တွင်သာ ပြန်လည်ပြုလုပ်နိုင်ရန် စီစဉ်ထားသည်။ သို့သော် MEMORY ပွဲတော်အနေဖြင့် ၂ဝ၂ဝ ပြည့်နှစ်တွင် ကျင်းပခဲ့သော နိုင်ငံတကာရုပ်ရှင်ပွဲတော်များကို နမူနာယူ၍ ဂုဏ်သရေအရှိဆုံးသော နိုင်ငံတကာရုပ်ရှင်ပွဲတော်များမှ ပညာရှင်များကို ဖိတ်ခေါ်ပြီး နှစ်စဉ်နှစ်တိုင်း ပိုမိုအင်အားကောင်းလာသော Myanmar Script Fund (MSF) ကို အစဉ်အလာမပြတ် ဆက်လက်ပံ့ပိုးကျင်းပသွားမည် ဖြစ်သည်။

“MSF ကို လေးကြိမ်မြောက် ကျင်းပပြီးတဲ့အခါမှာတော့ MSF ဟာ တော်တော်လေး တိုးတက်လာတယ်ဆိုတာကို မြန်မာရုပ်ရှင် Project တွေ နိုင်ငံတကာစျေးကွက်နဲ့ ပွဲတော်တွေမှာ ဆုတွေအများကြီးရပြီး ရွေးချယ်ခံရတာကိုကြည့်ရင် သိသာပါတယ်။ အခုလို မြန်မာ့ရုပ်ရှင်လုပ်ငန်း အပေါ်မှာ အကျိုးသက်ရောက်မှုရှိတဲ့ အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းဖို့အတွက် ဒီလို ကောင်းမွန်စွာနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ MSF အစီအစဉ်ကို မရပ်တန့်သွားစေဖို့ အင်မတန်မှ အရေးကြီးပါတယ်” ဟု ရုပ်ရှင်မင်းသမီး၊ ထုတ်လုပ်သူနှင့် MEMORY ပွဲတော်ကို စဉ်ဆက်မပြတ် အဓိက ကူညီပံ့ပိုးပေးသူ ဒေါ်ဆွေဇင်ထိုက်က ပြောသည်။

အဆိုပါ (၅)ကြိမ်မြောက် ကျင်းပမည့် Myanmar Script Fund (MSF) Online အစီအစဉ်ကို ရုပ်ရှင်လုပ်ငန်း၏ အဓိကကျသော နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသည့် Cannes Festival Cinéfondation (ပြင်သစ်), Locarno Festival Open Doors (ဆွစ်ဇာလန်), Rotterdam Festival Hubert Bals Fund (နယ်သာလန်), Cannes Festival Semaine de la Critique (ပြင်သစ်),Torino Film Lab (အီတလီ), Ties That Bind (ဥရောပလုပ်ငန်းစု), CNC French Film Commission (ပြင်သစ်),  Autumn Meetings (ဗီယက်နမ်), Busan Festival Asian Project Market (ကိုရီးယား), LIM Groupe Ouest (ပြင်သစ်), La Fabrique Cinéma (ပြင်သစ်) အဖွဲ့အစည်းများ ပူးပေါင်းပါဝင် ကူညီကြမည်ဖြစ်‌ကြောင်း သိရသည်။

အာကာစိုး