အင်းဝ ၂၂ နိုဝင်ဘာ
အင်း၀ရှေးဟောင်းနယ်မြေမှာ စိတ်ဝင်စားဖွယ်ဖြစ်ပြီး ကိုဗစ်-၁၉ မဖြစ်ခင်ကာလက နှစ်စဉ် ပြည်တွင်း/ပြည်ပ ခရီးသွားများ လာရောက်လည်ပတ်လျက်ရှိသော သမိုင်းဝင် ရှေးဟောင်းယဉ်ကျေးမှု မြို့ပင်ဖြစ်သည်။ အင်းဝဒေသတွင် လေ့လာစရာ များစွာတည်ရှိပြီး ထိုလေ့လာစရာများထဲတွင် အင်းဝမြို့တည် သတိုးမင်းဖျား ရုပ်တုလည်း လေ့လာစရာတစ်ခု တိုးလာသည်။
အင်းဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေမှာ မန္တလေးမြို့ အနောက်တောင်ဘက် မိုင် ၂၀ အကွာ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၅၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၇ မိနစ် ပင်လယ်ရေမျက်နှာပြင်အထက် ၂၈၅ ပေ ဒုဌဝတီမြစ်နှင့် ဧရာဝတီမြစ်ဆုံရာ နေရာတွင်တည်ရှိနေသည်။ ခရီးသွားဧည့်သည်များသည် သစ်ပင်လိုဏ်ဂူတန်းဟု တင်စားထားသည့် အိုးတုတ္တန်းလမ်းကလေးမှ ဒုဋ္ဌဝတီမြစ်နံဘေးသို့ သွားလေ့ရှိသည်။ အနီးဝန်းကျင်တွင် အင်း၀တံတားခေါ် စစ်ကိုင်းတံတားနှင့် ဧရာဝတီဖြစ်အလှတို့က စီးကြိုလျက်ရှိသည်။ ဒုဋ္ဌဝတီမြစ်ကမ်းအိုးတုတ္တန်းမှ စက်လှေဖြင့်ကူးတို့ကူးကာ ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ်ဆုံအလှကို စစ်ကိုင်းတံတားနောက်ခံဖြင့် လှပစွာရှုမြင်နေရသည်။
အင်းဝဒေသမှာ သတိုးမင်းဖျားက သက္ကရာဇ် ၇၂၆ တွင် စတင်တည်ခဲ့ကာ မင်းဆက် ၃၁ ဆက်ဖြင့် သက်တမ်းလေးရာခန့် ကြာမြင့်အောင် မြို့နန်းတည်ကာ ထီးနန်းစိုးစံခဲ့သည့် နေရာဖြစ်သည့်အားလျော်စွာ လေ့လာစရာ စေတီများစွာရှိသည်။ ခေတ်လေးခေတ်အဖြစ် ပိုင်းခြားတည်ရှိခဲ့ပြီး စာဆိုရှင် အကျော်အမော်များစွာ ထွက်ပေါ်ရာ ဒေသပင်ဖြစ်သည်။ ပထမအင်းဝခေတ်တွင် စာဆိုအကျော် ပထမမင်းခေါင်းကြီးမှစကာ မိညို၊ ဗညားဒလတို့နှင့် စာဆိုအကျော်အပါအဝင် (၂၅)ဦး၊ ဒုတိယအင်းဝခေတ်တွင် တောင်ဖီလာဆရာတော် အပါအဝင် လက်ဝဲအနော်ရထာအထိ သမိုင်းဝင်စာဆိုတော် (၁၂)ဦး၊ တတိယအင်းဝခေတ်တွင် လက်ဝဲသုန္ဒရအပါအဝင် ဦးတိုး၊ ဦးလန်းဆိုသော စာဆိုအကျော် (၉)ဦး၊ စတုတ္ထအင်းဝခေတ်တွင် ဆရာတော် ဦးဗုဇ်အပါအဝင် ဖိုးသူတော်ဦးမင်၊ လူဦးမင်းအထိ ယနေ့တိုင် နာမည်ထင်ရှားသော စာဆိုတော်များစွာ ထွက်ပေါ်ရာဒေသပင်ဖြစ်သည်။
အင်းဝဒေသသို့ရောက်သည့် နိုင်ငံတကာခရီးသွားဧည့်သည်များမှာ မြင်းလှည်းစီးကာ လေ့လာကြသည်။ မြို့ရိုး၊ မျှော်စင်၊ နန်းတော်ဟောင်းရင်ပြင်နေရာများ၊ လမ်းဘေးတစ်လျှောက်တွင် ခဲသင်ကျောင်းဘုရားစု၊ ဒေါ်ဂျမ်းဘုရားစုမှအစ အခြားလက်ရာမြောက် စေတီပုထိုးများမှာ အင်းဝခေတ်လက်ရာ မပျောက်မပျက် လေ့လာနိုင်သည်။ နာမည်ကျော် သစ်သားကျောင်းဖြစ်သည့် ဗားကရာကျောင်းကို အားထားလေ့လာသလို ဗိသုကာလက်ရာ ထူးခြားသည့် ဝင်္ကဘာဘုရား၊ မြင့်မိုရ်တောင်ဘုရားတို့၏ လက်ရာများမှာ အံ့သြဖွယ်ပင်ဖြစ်နေသည်။
အင်းဝဒေသသည် စာဆိုရှင်များစွာ ထွက်ပေါ်ရာ၊ သူရဲကောင်းများစွာ ထွက်ပေါ်ရာ နေရာဖြစ်သည်။ နန်းတော် အကြိမ်ကြိမ်တည်ဆောက် နန်းတည်ရာဖြစ်ပြီး မြို့ရိုးသုံးထပ်တည်ရှိရာ နေရာဖြစ်သည်။ လေ့လာဖူးမြော်စရာ ရှေးဟောင်းဘုရားခြောက်ရာကျော် တည်ရှိပြီး နံရံဆေးရေးပန်းချီများရှိရာ နေရာအဖြစ် ယနေ့တိုင် စိတ်ဝင်စားဖွယ်ရာ တည်ရှိနေသည်။
တိမ်တမန်


