အိပ်စက်တယ်ဆိုတာ လူတစ်ယောက်ရဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ အိပ်စက်မှ ခန္ဓာကိုယ်ကြီးက အနားရပြီး နောက်တစ်ရက်မှာ လန်းဆန်းတက်ကြွစွာနဲ့ နေထိုင်နိုင်မှာဖြစ်ပါတယ်။ တကယ်လို့ လုံလုံ လောက်လောက် မအိပ်စက်ဘူးဆိုရင် ကျန်းမာရေးထိခိုက်လာပါလိမ့်မယ်။

 

အိပ်မပျော်တဲ့ဝေဒနာ ဒါမှမဟုတ် အိပ်ချင်စိတ်မရှိလို့ အိပ်စက်တာက မဖြစ်မနေ ကုစားရမယ့် ကျန်းမာရေး ပြဿနာဖြစ်ပါတယ်။ ဒီထက်ပိုဆိုးတာ ရှိပါသေးတယ်။ အိပ်ချင်စိတ်ရှိနေလျက်နဲ့ ပေတေပြီး မအိပ်တာမျိုးပါ။

 

ဒီလိုကိစ္စမျိုးက အခြေအနေ အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ရုပ်သံစီးရီးတွေကို ကြည့်ရင်း အရှိန်ကောင်းလာလို့ မအိပ်ပဲ ဆက်တိုက်ထိုင်ကြည့်ဖြစ်တာမျိုး၊ ညဉ့်နက်သန်းခေါင် ဘောလုံးပွဲ ကောင်းရှိလို့ မအိပ်ပဲ ထိုင်စောင့်နေတာမျိုး၊ စာမေးပွဲအရေးကြီးနေလို့ အတင်းစာထိုင်ကြည့်နတာမျိုး စသဖြင့် အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ပေါ့။

 

ဒါပေမယ့် ဘယ်လိုကြောင့်ပဲဖြစ်ပါစေ။ အိပ်ချင်စိတ်ရှိနေလျက်နဲ့ မအိပ်ပျော်အောင် ကော်ဖီတွေသောက်၊ အချဉ်တွေစားပြီး အတင်းကာရော တင်းခံပြီးနေထိုင်တာက စိတ်ရောကိုယ်ပါ ထိခိုက်စေနိုင်တဲ့ ကိစ္စတစ်ခုပါ။

 

ဒီလိုပြုမူတာမျိုးကို Sleep Deprivation လို့ခေါ်ပါတယ်။ Sleep Deprivation က ပုံမှန်အားဖြင့် ၃ မျိုးရှိပါတယ်။

 

Acute sleep deprivation က အချိန်ကာလတစ်ခုအတွင်းမှာ အိပ်စက်ချိန်နည်းပါးတာကို ဆိုလိုတာပါ။

 

Chronic sleep deprivation ကတော့ လုံလုံလောက်လောက် အိပ်မပျော်တဲ့ ကျန်းမာရေး ပြဿနာဖြစ်ပါတယ်။

 

Chronic sleep deficiency or insufficient sleep ကတော့ လုံလောက်စွာ အိပ်စက်လို့မရအောင် နှောင့်ယှက်ခံရတာ ဒါမှမဟုတ် ကိုယ်တိုင်နှောင့်ယှက်တာကြောင့်ဖြစ်တဲ့ အိပ်ရေးပျက်ဝေဒနာပါ။

 

လူငယ် ၃ ပုံ ၁ ပုံလောက်ဟာ အကြောင်းအမျိုးမျိုးကြောင့် အိပ်ချိန်လုံလုံလောက်လောက်မရှိကြပါဘူး။ ပိုပြီးဆိုးရွားလာတဲ့ အခြေအနေမျိုးမှာ Insomnia လို အိပ်မပျော်တဲ့ ရောဂါဆိုးစွဲကပ်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ခုလို အိပ်ချင်စိတ်ရှိနေလျက်နဲ့ တင်းခံပြီးနေတာက Insomnia အပြင် တခြားသော ရေတိုနဲ့ ရေရှည်ပြဿနာတွေကို ခေါ်ဆောင်လာတတ်ပါတယ်။

 

လက္ခဏာများ

 

အိပ်ချင်စိတ်ကို တင်းခံတဲ့ အမူအကျင့်မျိုးရှိတဲ့သူတွေဟာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်မလာခင်မှာ အောက်ပါ လက္ခဏာတွေ ပြသလာတတ်ပါတယ်။

 

အာရုံစူးစိုက်နိုင်တဲ့ အချိန်ကာလ တိုတောင်းလာတာ၊

တွေးခေါ်နိုင်စွမ်း နှေးကွေးလာတာ၊

မှတ်ဉာဏ်စွမ်းဆောင်ရည် ဆိုးရွားလာတာ၊

ဆုံးဖြတ်ချက်ချမှတ်ရာမှာ အမှားများလာတာ၊

ခွန်အားယုတ်လျော့လာတာ၊

စိတ်ခံစားချက် ပြောင်းလဲမြန်လာတာ၊ စတာတွေပါပဲ။

 

အိပ်ချင်လျက်နဲ့ မအိပ်တာကြာလာတဲ့အခါ

 

အိပ်ချင်စိတ်ကို အချိန်အကြာကြီး လူတိုင်း တောင့်မခံနိုင်ပါဘူး။ ဒါပေမယ့် ခဏခဏတော့ ဒီအပြုအမူမှားကို ကျူးလွန်တတ်ကြပါတယ်။ ဒီလိုမျိုး ခဏခဏ ကျူးလွန်မိကြတဲ့အခါမှာ နောက်ဆက်တွဲအနေနဲ့ ကျန်းမာရေးပြဿနာတွေ ကြုံဆုံလာရတတ်ပါတယ်။

 

ဘယ်လိုကျန်းမာရေးပြဿနာမျိုးတွေလဲဆိုရင်တော့

 

နာတာရှည် အိပ်မပျော်ဝေဒနာ၊

နှလုံးရောဂါ အမျိုးမျိုး၊

လေသင်တုန်းဖြတ် ဝေဒနာ၊

ဆီးချို သွေးတိုး၊

အဝလွန်ရောဂါ၊

ကိုယ်ခံအားစနစ်ဖောက်ပြန်ခြင်း ဝေဒနာ၊

ဟိုမုန်း ပုံမှန်မဟုတ်သည့် ဝေဒနာ၊

လိင်စွမ်းဆောင်ရည်ကျဆင်းတာ၊

အာရုံစူးစိုက်မှုနည်းပါးတာကြောင့် မတော်တဆဖြစ်နိုင်ခြေအလွန်မြင့်မားတာ၊

ကိုယ်လက်နာကျင်ကိုက်ခဲတာနဲ့

စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

 

အိပ်ချင်စိတ်ရှိရင် အိပ်လိုက်ပါ

 

အိပ်စက်ခြင်းဟာ သင့်ရဲ့ အသက်ရှည်ကျန်းမာမှုရဲ့ အဓိက အကြောင်းတရားတွေထဲက တစ်ခုဖြစ်ပါတယ်။ အိပ်ချင်စိတ်ရှိလာတာဟာ သင့်ခန္ဓာကိုယ်ကြီးက အိပ်စက်ဖို့ လိုအပ်လာလို့ တောင်းဆိုတာဖြစ်ပါတယ်။ ဒါကြောင့် အိပ်ချင်စိတ်ပေါ်လာရင် အိပ်လိုက်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

 

ဒီလိုမဟုတ်ပဲ အိပ်ချင်စိတ်ကို တားဆီးပြီး တင်းခံနေမယ်ဆိုရင် သင့်ရဲ့ ခန္ဓာကိုယ်ကြီးမှာ ထိခိုက်နစ်နာမှုတွေ ကြုံဆုံလာရမှာဖြစ်ပါတယ်။ အိပ်ချိန်မှားနေတာတွေ၊ အိပ်ချိန် မမှန်တာတွေ၊ လုံလုံလောက်လောက် မအိပ်စက်ဖြစ်တာတွေများလာရင် သင့်ရဲ့ ကျန်းမာရေးကို အများကြီးထိခိုက်စေမှာပါ။

 

ဒါကြောင့် အိပ်စက်ချိန်ကို အချိန်မှန်အောင်ကြိုးစားပြီး နေ့စဉ် နည်းမှန်လမ်းမှန်နဲ့ အိပ်ရေးဝဝအိပ်စက်ဖို့ တိုက်တွန်းလိုပါတယ်။ သင်အိပ်ရေးပြီး လန်းဆန်းနေတယ်ဆိုရင် သင်ပြုလုပ်လိုတဲ့အရာတွေကို အိပ်ယာကနေ နိုးလာချိန်မှာ ဦးနှောက်ကြည်ကြည်လင်လင်နဲ့ အပြည့်အဝ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

 

ဒီလိုမဟုတ်ပဲ အိပ်ချင်စိတ်ကို တားဆီးပြီး တစ်ခုခုကိုလုပ်ဆောင်လိုက်မယ်ဆိုရင် သင့်ရဲ့ကျန်းမာရေးကို ထိခိုက်စေမှာဖြစ်သလို တခြားသော အကျိုးမရှိတာတွေသာ ပိုပြီးဖြစ်လာစေမှာဖြစ်ပါတယ်။

 

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn

ရေးသားသူ Ye Zon Aung

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”