လှိုင်းဘွဲ ၂၃ နိုဝင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ထီလုံ ကျေးရွာအုပ်စု ထီလုံကျေးရွာ စာသင်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားကို ယမန်နေ့က ပြုလုပ်ရာ ပအိုဝ်း တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးခွန်မျိုးတင့်တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာသင်ကျောင်းဆောင်သစ်မှာ လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ (၃၅,ဝ၀ဝ,ဝ၀ဝ)ကျပ်ဖြင့် (အလျား ၆၀ပေ X အနံ ၃၀ပေ X အမြင့် ၁၂ပေ) အကောင်ထည်ဖော်ဆောင်ရွက်ပြီး လက်ထောက် နည်းပညာမှူး နန်းဆုမြတ်မေသွယ်၊ လူထုစည်းရုံးရေးမှူး နန်းခင်ဝေတင်တို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှု၊ ရပ်ရွာပြည်သူလူထုတို့၏ ပူးပေါင်းပါဝင်မှုများဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယ အပတ်တွင် အပြီးသတ် ဆောက်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းဆောင်သစ်ပြီးစီးသွားပါက ထီလုံကျေးရွာမှ မူလတန်းကျောင်းတွင် ပညာသင်ကြား နေသော ကလေး(၁၆၃)ဦးတို့အတွက် လုံခြုံစိတ်ချစွာဖြင့် စနစ်တကျ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)


