စေတုတ္တရာ      ၂၃  နိုဝင်ဘာ    

 

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဖျင်ကြီးကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဂါလန် (၅၀ဝ၀)ဆံ့ အုတ်ရေကန် တည်ဆောက်နိုင်ရေးအတွက် နိုဝင်ဘာလ ၂၂ ရက်နေ့က မြေပြင် အနေထားအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်အောင်လွင် ၊ တိုင်းဒေသ ကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဇော်ထွန်းနှင့် ဝန်ထမ်းများသည် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဂါလန် (၅၀ဝ၀)ဆံ့ အုတ်ရေကန် တည်ဆောက်မည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးကာ အုတ်ရေကန် တည်ဆောက်မည့်နေရာအား မြေပြင်အနေအထား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စေတုတ္တရာမြို့နယ် ဖျင်ကြီးကျေးရွာတွင် အလျား (၁၅)ပေ၊ အနံ(၁၀)ပေနှင့် အမြင့်(၁၆)ပေရှိ ဂါလန်(၅၀ဝ၀)ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းကို ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေ ကျပ်(၄၅)သိန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး အုတ်ရေကန် တည်ဆောက်ပြီးစီးသွားပါက ကျေးရွာအတွင်းရှိ ပြည်သူများ သာမက ကျွဲ၊ နွား တိရစ္ဆာန် များအတွက်ပါ သောက်သုံးရေ ဖူလုံစွာရရှိနိုင်ရေး အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

စည်သူလွင်(ပြန်/ဆက်)