ကွတ်ခိုင် ၂၃ နိုဝင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရန်အတွက် အသိပညာပေး နှိုးဆော်မှုများကို ယမန်နေ့ ညနေပိုင်းက မြို့အတွင်းလှည့်လည်ကာ အရှိန်အဟုန်မြှင့် ပြုလုပ်ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကွတ်ခိုင်မြို့နယ် ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက လက်ရှိ မြန်မာနိုင်ငံ၏ ရာသီဥတုမှာ ဆောင်းရာသီသို့ စတင်ကူးပြောင်းချိန်ဖြစ်သဖြင့် ဗိုင်းရပ်စ်ရောဂါပိုးများအတွက် ရောဂါကူးစက်ပြန့်နှံ့မှုအား ပိုမိုဖြစ်ထွန်းစေနိုင်သော ကာလဖြစ်သည့်အပြင် မကြာမီရောက်ရှိ လာတော့မည့် ပွင့်လင်းရာသီနှင့် ရက်ရှည်ရုံးပိတ်ရက်များအတွင်း ခရီးသွားခြင်းများမပြုလုပ်ရန် အသိပေး နှိုးဆော်မှုများ ပြုလုပ်သည်။
ပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ်တွင်သာ နေထိုင်စေခြင်း၊ နေအိမ်မှပြင်ပသို့ ထွက်ခွာရာတွင် လည်းကောင်း၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ဈေးသို့ ဈေးရောင်းဈေးဝယ် ပြုလုပ်ရာတွင်လည်းကောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန် လိုက်လံနှိုးဆော်ပြီး ရောဂါဖြစ်ပွားလျက်ရှိသော ဒေသမှ ပြန်လာသူများရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားပေးပါရန် အစရှိသည့် အသိပေးနှိုးဆော်မှုများကို ပြုလုပ်ဆောင်ရွက်သည်။
ကွတ်ခိုင်မြို့အတွင်း COVID-19ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးပရဟိတအသင်းအဖွဲ့များက ပူးပေါင်း၍ လူစည်ကားသည့်နေရာများနှင့် မြို့အဝင်/ထွက်ရှိ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးစခန်းတို့၌ ဝင်/ထွက်သွားလာသည့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများကို ကျန်းမာရေးစစ်ဆေးခြင်း၊ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းတို့ကို အရှိန်အဟုန်မြှင့် ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)


