မုံရွာ ၂၃ နိုဝင်ဘာ
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရိုင်(၃)ခုရှိ မြို့နယ် (၁၇)မြို့နယ်ရှိ ကျေးလက်ဒေသ များတွင် သောက်သုံးရေရေရရှိရေးနှင့် မြေဆီလွှာဆုံးရှုံးမှုများ လျော့နည်းစေရေး နည်းလမ်း (၄)မျိုး ဖြင့် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦး ထံမှသိရသည်။
“ စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ အပူပိုင်းဇုန်အတွင်းမှာ ကျရောက်နေတဲ့ ဒေသတွေမှာက နှစ်စဉ်မိုးရွာ သွန်းမှုနည်းတယ်၊ မိုးရွာရင်မိုးရေတွေ လေလွင့်ဆုံးရှုံးမှုမရှိစေဖို့နဲ့ မြေဆီလွှာပျက်စီးဆုံးရှုံးမှုကို လျော့နည်းစေဖို့ နည်းလမ်းကြံဆပြီး နည်းလမ်း(၄)မျိုးနဲ့ လုပ်ဆောင်ပေးတာဖြစ်ပါတယ်၊ အဲဒိလိုလုပ်ဆောင် ပေးခြင်းအားဖြင့် အပူပိုင်းဇုန်အတွင်း မှာကျရောက်နေတဲ့ ကျေးလက်ဒေသက ပြည်သူတွေ သောက်သုံးရေကို တစ်ဖက်တစ်လမ်းက ရရှိမှာဖြစ်သလို မြေဆီလွှာတွေ ပျက်စီးဆုံးရှုံးမှုက ကာကွယ်နိုင်မှာဖြစ်ပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦး က ပြောသည်။
အပူပိုင်းဇုန်အတွင်း ကျရောက်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို၊ မုံရွာ၊ စစ်ကိုင်း ခရိုင်အတွင်း မြို့နယ် (၁၇)မြို့နယ်တွင် ရေကန်ငယ်(၆)ကန်၊ မြေအောက်ရေရရှိရေး အဝီစိရေတွင်း (၁)တွင်း၊ ရေဂါလံ (၅၀ဝ၀)ဆံ့ ကွန်ကရစ်ရေကန်ကြီး (၃)ကန်နှင့် ရေဂါလံ(၁၀ဝ)ဆံ့ ကွန်ကရစ်ရေကန်ငယ် (၄၀ဝ)ကန် တို့ကို တည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


