မုံရွာ ၂၃ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် (၁၀)နာရီက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ မြန်မာဝမ်ပေါင်မိုင်းနင်းကော့ပါး လီမိတက်မှ လှူဒါန်းမည့် အမေရိကန် ဒေါ်လာ(၁.ဝ၇၅)သန်းဖြင့် COVID-19 ရောဂါ ဓာတ်ခွဲ စစ်ဆေးခန်း တည်ဆောက်ရန်အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
ရှေးဉီးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “ယခုလို မိမိတို့ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် ကျန်းမာရေးအထောက်အကူပြုရန် COVID-19 ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်၍ လှူဒါန်းပေးသည့်အတွက် ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားပြီး မြန်မာဝမ်ပေါင်မိုင်းနင်းကော့ပါး လီမိတက်မှ တာဝန်ရှိသူက လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသည့် တာဝန်ရှိသူများမှ COVID-19 ရောဂါ ဓာတ်ခွဲ စစ်ဆေးခန်း တည်ဆောက်ရန်အတွက် မြေနေရာစီစဉ်ဆောင်ရွက်ထားရှိမည့် အစီအစဉ်တို့အား အားလုံးဝိုင်းဝန်း ဆွေးနွေးအကြံပြုချက်များအား ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းကိုကို(တိုင်းဒေသကြီး-ပြန်/ဆက်)


