နေပြည်တော် ၂၃ နိုဝင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ပူးပေါင်း၍ တုံ့ပြန်နိုင်စွမ်းအား ကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း (Resiliebt Community Development Project- RCDP) စီမံကိန်း မိတ်ဆက်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် Virtual Conference စနစ်ဖြင့် ကျင်းပသည်။
ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)မှ Project Officer Ms. Stefania Dina တို့က အဖွင့်အမှာစကား ပြောကြားကြပြီး အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ Mr.Cliff Burkley နှင့်တာဝန်ရှိသူများက သင်တန်းတွင် ပို့ချမည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။
သင်တန်းကို ပြည်ထောင်စု အဆင့် စီမံကိန်း စီမံခန့်ခွဲရေးဝန်ထမ်းများ၊ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် စီမံကိန်း ဝန်ထမ်း စုစုပေါင်း ၁၇၂ ဦးကို နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ ၃ ရက်ကြာ သင်ကြားပို့ချ သွားမည် ဖြစ်သည်။
အဆိုပါ တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း(Resiliebt Community Development Project- RCDP) ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့ပူးပေါင်း၍ ချင်းပြည်နယ်မှ မြို့နယ် (၄)မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ မြို့နယ်(၄)မြို့နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ မြို့နယ်(၃)မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးမှ မြို့နယ်(၃)မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးမှ မြို့နယ်(၃) မြို့နယ် စုစုပေါင်းမြို့နယ် ၁၇ မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်အထိ စီမံကိန်းကာလ ၆ နှစ်ကြာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဂျိုင်းလော(သတင်းစဉ်)


