ဖယ်ခုံ ၂၃ နိုဝင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရန်အတွက် ပြည်သူလူထုအတွင်း အသိပညာပေးခြင်းနှင့် ပါးစပ်နှင့် နှာခေါင်းစည်းတပ်ဆင်ရန် လှုံ့ဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့မဈေးတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
ပြည်သူလူထုအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအား ကာကွယ်တားဆီးနိုင်ရန် ရောဂါ ဖြစ်ပွားမှု ကာကွယ်ရန် နည်းလမ်းများကို လက်ကိုင်အသံချဲ့စက်များဖြင့် လှည့်လည်အသိပညာပေးခြင်းနှင့် မြို့မဈေးတွင် ပါးစပ်နှင့်နှာခေါင်းစည်းများ၊ Face shield များ အခမဲ့ဝေငှခြင်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ယနေ့မြို့မဈေး၌ ပါးစပ်နှင့်နှာခေါင်းစည်းများ ဝေငှရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာကျော်ကျော်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမြတ်သူနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများဖြင့် ပူးပေါင်း၍ Mask ၁၅၀ဝ ခုနှင့် Face shield ၅၀ ခုတို့ကို ဖြန့်ဝေခဲ့ကြောင်း ဒေါက်တာ ကျော်ကျော်ဦးထံမှ သိရှိရသည်။
ထို့အတူ နောက်ရက်များတွင်လည်း အဝေးပြေးကားဂိတ်များ၊ မြို့လယ်အဝိုင်းနှင့် အခြားလူစု လူဝေးရှိနိုင်သော နေရာများတွင် ပါးစပ်နှင့်နှာခေါင်းစည်းများ ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မောင်မောင်ထွေး(ပြန်/ဆက်)


