မိတ္ထီလာ  ၂၃   နိုဝင်ဘာ

 

မိတ္ထီလာမြို့၌ နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲဖြစ်သော နဂါးရုံမဟာဗောဓိစေတီတော် မသိုးသင်္ကန်းပြိုင်ရက်လုပ် ပူဇော်ပွဲကို ယခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိဘဲ ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ လိုက်နာ၍ မသိုးသင်္ကန်း ရက်လုပ်ပူဇော်မည်ဖြစ်ကြောင်း အဆိုပါစေတီတော် ဂေါပကအဖွဲ့တာဝန်ရှိသူထံက သိရသည်။

 

“ယခုနှစ်များအတိုင်းဒီနှစ်မှာလည်း နဂါးရုံမဟာဗောဓိစေတီတော် မသိုးသင်္ကန်းပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပမည်လို့ ရည်မှန်းခဲ့ပေမယ့် ဒီနှစ်ကတော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များကို လိုက်နာပြီး စည်စည်ကားကား ကျင်းပခြင်းမလုပ်ဘဲ ပုံမှန်အတိုင်းပဲ ရက်လုပ်ပူဇော်သွားမှာဖြစ်ပါတယ်။ ဒီနှစ်က နှစ် ၅ဝ ပြည့်ရွှေရတု အထိမ်းအမှတ်နှစ်လည်းဖြစ်တော့ မလုပ်လို့မဖြစ်တာကြောင့် ပုံမှန်တိုင်းပဲ ပရိသတ်မပါဘဲ နဂါးရုံ မဟာဗောဓိစေတီတော် တန်ဆောင်းအတွင်းမှာ ယက္ကန်းစင် ၅ စင်နဲ့ မသိုးသင်္ကန်းများရက်လုပ်ပြီး ကပ်လှူပူဇော်သွားမှာ ဖြစ်ပါတယ်။ အစီအစဉ်တိုင်းပဲ နိုဝင်ဘာလ ၂၈ ရက်နေ့ တန်ဆောင်းမုန်းလဆန်း ၁၄ ရက်နေ့ မွန်းလွဲ တစ်နာရီအချိန်မှာ မသိုးသင်္ကန်းတွေကို ရက်လုပ်ပူဇော်ပြီး ဝိနည်းတော်နဲ့အညီ စက်ချုပ်အဖွဲ့က ချုပ်လုပ်မှာပါ။ ချုပ်လုပ်ပြီး မီးကင်ပူဇော်ပြီးသား မသိုးသင်္ကန်းတွေကို နောက်တစ်နေ့ နိုဝင်ဘာလ ၂၉ ရက်နေ့   တန်ဆောင်မုန်းလပြည့်နေအရုဏ်တက်ချိန်မှာ နဂါးရုံ မဟာဗောဓိစေတီတော် လိုဏ်ဂူတော် အတွင်းမှာ သီတင်းသုံးစံပယ်တဲ့ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များထံကို ဂေါပကအဖွဲ့ ဝင်တွေက ကပ်လှူပူဇော်သွားမှာဖြစ်ပါတယ်” ဟု  နဂါးရုံမဟာဗောဓိစေတီတော် ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးလှကြီးမောင်က ပြောသည်။

 

နှစ်စဉ် မိတ္ထီလာမြို့နဂါးရုံမဟာဗောဓိစေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒအားခံယူပြီး မသိုးသင်္ကန်းပြိုင်ရက်လုပ်ပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပြီး ယခင်နှစ်က ကျင်းပခဲ့သော (၄၉) ကြိမ်မြောက် မသိုးသင်္ကန်းပြိုင်ရက်လုပ်ပူဇော်ပွဲတွင် မြန်မာ့ရိုးရာခြင်း အလှခတ်ပွဲကို ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။

 

ချမ်းသာ (မိတ္ထီလာ)