ရန်ကုန် ၂၄    နိုဝင်ဘာ   

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ် အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ(၉၈)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center(၁) သို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အင်းစိန်မြို့နယ်အတွင်းတွင် Quarantine Center(၆)ခုအနက် အင်းစိန်(GTI) Quarantine Center(၁)သို့ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူဖြစ်သော အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်မှ (၂၂)ဦး၊ ကြို့ကုန်းအရှေ့ရပ်ကွက်မှ(၂၁)ဦး၊ စော်ဘွားကြီးကုန်း ရပ်ကွက်မှ(၂၀)၊ တောင်သူကုန်းရပ်ကွက်မှ (၁၄)ဦး၊ ကမ်းနားအနောက်ရပ်ကွက်မှ(၇)ဦး၊ မြို့သစ် (က+ခ) ရပ်ကွက်မှ (၄)ဦး၊ တညင်ကုန်းရပ်ကွက်မှ (၃)ဦး၊ အောင်ဆန်းရပ်ကွက်မှ (၂)ဦး၊ ရွာမအနောက်ရပ်ကွက်မှ (၂)ဦး၊ နံ့သာကုန်းရပ်ကွက်မှ (၁)ဦး၊ ဖော့ကန်ရပ်ကွက်မှ (၁)ဦး၊ ပိန္နဲကုန်းရပ်ကွက်မှ (၁)ဦး စုစုပေါင်း (၉၈)ဦး တို့ကို ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် ကြက်ခြေနီ အသင်းခွဲ၊ ပရဟိတအဖွဲ့များနှင့် လူမှုကူညီရေးအသင်းများမှ  တာဝန်ရှိသူများက သက်ဆိုင် ရာ Quarantine Centerသို့ အသီးသီးပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

 

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)