ကျိုင်းတုံ ၂၄ နိုဝင်ဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဆိုင်ကယ်ခိုးယူသူများနှင့် ခိုးယူထားသည့် ဆိုင်ကယ် ၈ စီး တို့အား နိုဝင်ဘာ ၂၃ ရက်က ဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်။

 

ကျိုင်းတုံမြို့နယ်အတွင်း ဆိုင်ကယ်ခိုးခံရမှု များပြားနေသည့်အတွက် ကျိုင်းတုံမြို့မရဲစခန်းမှ ဒုရဲအုပ် လင်းလင်းထွန်း ဦးစီးတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နိုဝင်ဘာ ၂၃ ရက် နံနက် ၆ နာရီက ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရှဲန်တစ်ဟိုတယ်တွင် ဆိုင်ကယ်တစ်စီးဖြင့် လူနှစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆးရာ မောင်ဂေါ်ဟိန်းနှင့် မောင်လုဂျီ တို့နှစ်ဦးအား Honda Wave 110 အမျိုးအစား ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရပြီး ၎င်းတို့နှစ်ဦးသည် ဆိုင်ကယ်နှင့် ပက်သတ်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား ပြသနိုင်ခြင်းမရှိဘဲ ဆိုင်ကယ်အား တစ်နေရာမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ်စစ်ဆေးတွေ့ရှိခဲ့၍ ကျိုင်းတုံမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့သည်။

 

အလားတူ နိုဝင်ဘာ ၂၃ ရက် နံနက် ၉ နာရီက အဆိုပါရှဲန်တစ်ဟိုတယ်၌ မသင်္ကာဖွယ်လူနှစ်ဦး ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိနေကြောင်းသတင်းအရ ကျိုင်းတုံမြို့မရဲစခန်းတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ တီမောရှဲနှင့် ကျဝ တို့နှစ်ဦးအား Honda Wave 125 အမျိုးအစား ဆိုင်ကယ်တစ်စီးနှင့်အတူတွေ့ရပြီး ၎င်းတို့နှစ်ဦးသည် ဆိုင်ကယ်နှင့် ပက်သတ်၍ ပိုင်ဆိုင်ကြောင်း အထောက်အထား ပြသနိုင်ခြင်းမရှိဘဲ ဆိုင်ကယ်အား တစ်နေရာမှ ခိုးယူလာသည်ဟု မသင်္ကာဖွယ်စစ်ဆေးတွေ့ရှိခဲ့၍ ကျိုင်းတုံမြို့မရဲစခန်းမှ    အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့သည်။

 

မောင်ဂေါ်ဟိန်း၊ မောင်လုဂျီ၊ တီမောရှဲနှင့် ကျဝ တို့သည် မိုင်းခတ်မြို့နယ်နေထိုင်သူများ  ဖြစ်ပြီး ၎င်းတို့အား ဆက်လက်စစ်ဆေးမြန်းရာ ကျိုင်းတုံမြို့‌ပေါ်တွင် ခိုးယူခဲ့သည့် ဆိုင်ကယ် ၈ စီးအား စစ်ဆေးပေါ်ပေါက်ခဲ့၍ ဆိုင်ကယ်ပျောက်ဆုံးသူများထံ ပြန်လည်အပ်နှံရေး မြို့မရဲစခန်းမှ စီစဉ်ဆောင်ရွက်ပေးနေပြီး ကျိုင်းတုံမြို့နယ်အတွင်း ကျန်ရှိနေသည့် ပျောက်ဆုံးဆိုင်ကယ်များ ရှာဖွေဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့်  ပြည်သူများအနေဖြင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်မှုများ ဖော်ထုတ်ရာတွင် ပိုမို၍ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံလိုကြောင်း မြို့မရဲစခန်းမှ နယ်ထိန်း ရဲတပ်ကြပ်ကြီး သန်းဦး ထံကသိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)