မုံရွာ ၂၄ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ မြို့ပေါ်ရပ်ကွက်များ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကိုယ့်အားကိုယ်ကိုး ကတ္တရာနှင့်ကွန်ကရစ်လမ်း (၁၈၆)လမ်းကို ခင်းကျင်းနိုင်ရေး ရပ်ကွက်နေပြည်သူများနှင့် ညှိနှိုင်းလုပ်ဆောင် ခင်းကျင်းသွားရန် စီစဉ်လျက်ရှိကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ် အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းထံမှ သိရသည်။
“ကိုယ့်အားကိုယ်ကိုးလမ်းတွေက ရပ်ကွက်နေပြည်သူများရဲ့ ထည့်ဝင်ငွေရယ် စည်ပင်သာယာရေး ကော်မတီက ဘိလပ်မြေအိတ်၊ ကတ္တရာ၊နည်းပညာ အကူအညီတွေပေးပြီး လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်၊ မုံရွာမြို့ ပေါ်ရပ်ကွက်တွေက လမ်းတွေက အတော်များများကို ကွန်ကရစ်လမ်းတွေ၊ ကတ္တရာလမ်းတွေ ဖြစ်ကုန်ပါပြီ၊ ကျန်တဲ့လမ်းတွေက ရပ်ကွက်အသစ်တိုးချဲ့တဲ့နေရာတွေမှာ ကျန်နေတာများတယ်၊ အဲဒိ ရပ်ကွက်တွေအားလုံး ကိုလည်း လာမဲ့(၇)နှစ်တာကာလအတွင်းမှာ အားလုံးအဆင့်မြှင့်တင်ခင်းကျင်း ပေးသွားမှာဖြစ်ပါတယ်၊ အခုနှစ်ကတော့ (၂၅)မိုင်ကျော်ခင်းကျင်းမှာ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့နှစ်ကတော့ (၂၈)မိုင်ကျော် ခင်းကျင်းခဲ့ပြီးပါပြီ” ဟု မုံရွာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ မြို့နယ်အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းက ပြောသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ရပ်ကွက်နေ ပြည်သူများ စုပေါင်းအားဖြင့် ကတ္တရာလမ်း(၃)လမ်းနှင့် ကွန်ကရစ်လမ်း (၁၈၃)လမ်း စုစုပေါင်း လမ်းအရှည် (၂၅)မိုင် (၃.၁၂)ဖာလုံအရှည် ခင်းကျင်းရာတွင် ရပ်ကွက်နေပြည်သူများ၏ စုပေါင်းထည့်ဝင်ငွေများနှင့် မြို့နယ် စည်ပင် သာယာရေးကော်မတီမှ ကွန်ကရစ်လမ်းခင်းကျင်းနိုင်ရန် ဘီလပ်မြေအိတ် (၁၄၇၉၇၅)အိတ်နှင့် ကတ္တရာလမ်းခင်း ကျင်းနိုင်ရေး ကတ္တရာ(၃၆.၄)တန်အား ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


