မတ္တရာ ၂၄ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်၌ မေစပါးမျိုးသစ် စံကွက် ရိတ်သိမ်းပွဲနှင့် သက်ငယ်ဧရာမင်းစပါးမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် ကွင်းသရုပ်ပြခြင်းကို ယနေ့ နံနက် ၉နာရီက မတ္တရာမြို့မ နည်းပညာပွားရေး စင်တာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးစိုင်းသန်းအောင်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ဒေသရေမြေနှင့်ကိုက်ညီမှုရှိပြီး ဈေးကွက်ရရှိသောမျိုးများ ရွေးချယ်စိုက်ပျိုးကြရေးတို့ ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများအား စပါးမျိုးသစ်ဖြစ်သော မေစပါးမျိုးမှ ထွက်ရှိသော ဆန်နှင့် ချက်ပြုတ်ပြီးသော ထမင်းအခြေအနေများကို မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာမှ ရှင်လင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကွင်းအမှတ်(၂၂၅)မှ တောင်သူ ဦးတင်လင်းဦး၏ မေစပါးမျိုးစံကွက် စပါးဖြစ်ထွန်းနေမှု၊ ထို့သို့ စံကွက်ရိတ်သိမ်းနေမှုနှင့် ဧရာမင်းသက်ငယ်စပါးမျိုးယှဉ်ပြိုင်စမ်း သပ်ကွက်တို့ကိုကြည့်ရှု အားပေးခဲ့ကြသည်။ မေစပါးမျိုးအား ကောင်းအဆင့် စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကထွက်နှုန်း (အခြောက်) ၁၁၂၆.ဝ၄ တင်းနှုန်း ထွက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မေစပါးမျိုးသစ် စံကွက်ရိတ်သိမ်းပွဲနှင့် သက်ငယ်ဧရာမင်းစပါးမျိုး ယှဉ်ပြိုင် စမ်းသပ်ကွက် ကွင်း သရုပ်ပြပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နိုင်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနမြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်သီတာနှင့် ဝန်ထမ်းများ၊ သပြေပင်ကုန်းကျေးရွာ(SMU)နှင့် ကံဖြူကျေးရွာတို့မှ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)


