ချောင်းဆုံ  ၂၄ နိုဝင်ဘာ

 

မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ  နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးကြမည့် တောင်သူများအား စပါး(၁)ဧကကို (၁)သိန်းခွဲနှုန်း၊ အခြားသီးနှံ (၁)ဧကကို (၁)သိန်းနှုန်းဖြင့် ဆောင်း သီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခြင်းကို နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၁၁ နာရီက မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် မုခနီးကျေးရွာ နှင့် ချောင်းဆုံ အနောက်ရပ်ကွက်မှ တောင်သူများအား စတင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ် ချေးငွေအကြံပေးကော်မတီဝင်များ၏ အကြံပြုချက်များနှင့် ကျေးရွာ ချေးငွေစိစစ်ပေးရေး အဖွဲ့များ၏ တင်ပြချက်များအရ အမှန်တကယ် စိုက်ပျိုးသည့် တောင်သူများကိုသာ ထုတ်ချေး သွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်က ရာသီအလိုက် ချေးငွေများကို အစောဆုံး ပြန်ဆပ်နိုင်သည့် ကျေးရွာများကို ဦးစားပေးထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်ဆောင်းသီးနှံ ချေးငွေကို သိန်း(၂၀၀၀)ခန့် ထုတ်ချေးရန်လျာထားကြောင်း၊ မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးဇော်လေးက ပြောသည်။

 

အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူ (၃၆၁) ဦးအား ၂၀၂၁ ဇန်နဝါရီ လကုန်ပိုင်းအထိ ထုတ်ပေးသွားမည်ဖြစ်ပြီး ၂၀၂၁ စက်တင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည် ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

 

ကေအေ(ချောင်းဆုံ)

 

mdn