နေပြည်တော် ၂၄  နိုဝင်ဘာ

 

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်၊ (၁၀၅)မိုင် မိုင်းယုကျေးရွာအနီး မူဆယ်-လားရှိုး ကားလမ်း မိုင်တိုင်(၂၇၃/၂-၃)ကြား၌ နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က ယာဉ်အောက်တွင် အိပ်နေသူအား ကားဘီးဖြင့် ကြိတ်မိ၍ အမျိုးသား ၁ ဦးသေဆုံးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ လားရှိုးမြို့ဘက်မှ မူဆယ်မြို့ဘက်သို့ ကွတ်ခိုင်မြို့နယ်၊ မန်ပိန်းကျေးရွာနေ စိုင်းထွန်းလူ(၂၃)နှစ် မောင်းနှင်သော 3C/xxxx (၁၂)ဘီးယာဉ်သည် အခင်းဖြစ်နေရာ၌ စီတန်းရပ် ထားရာမှ ရှေ့သို့မောင်းနှင်စဉ် ယာဉ်၏အောက်၌ အိပ်နေသော ယာဉ်နောက်လိုက် ကျောက်ပန်းတောင်း မြို့နယ်၊ ရွာတန်းရှည်ကျေးရွာနေ ငြိမ်းချမ်းကျော်(၂၅)နှစ်အား ယာဉ်၏ဝဲနောက်ဘီးဖြင့် ကြိတ်မိခဲ့သဖြင့် ငြိမ်းချမ်းကျော်တွင် ဦးခေါင်းကြေမွဒဏ်ရာဖြင့် သေဆုံးခဲ့သောကြောင့် စိုင်းထွန်းလူအား မူဆယ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)