ခင်ဦး ၂၄ နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ကြို့ကန်ကျေးရွာအုပ်စု၊ လက်ပံကုန်းကျေးရွာရှိ ဒေသခံကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင်နိုင်ရေး နိုဝင်ဘာ ၂၄ ရက်၊ မွန်းလွဲ ၁ နာရီက ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆဋ္ဌမအကြိမ်မြောက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

ချေးငွေများ ကွင်းဆင်းထုတ်ချေးပေးရာတွင် ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးညီညီဦးက စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးမည့် အတိုးနှုန်းထားများ၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်တိုးတက်စေရေးအတွက် ဆောင်ရွက်ရန်အချက်များနှင့် ရန်ပုံငွေများထုတ်ချေးရာ၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ တပ်ဆင်၍ လာရောက်ကြရန်၊ လူစုလူဝေး မဖြစ်စေရန် (၆)ပေ အကွာစီနေ၍ စနစ်တကျ ထုတ်ချေးကြရန်နှင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် စီမံကိန်းရန်ပုံငွေများကို အကျိုးရှိရှိ သုံးစွဲလုပ်ကိုင်ကြရန် ဆွေးနွေးပြောကြားသည်။

 

ခင်ဦးမြို့နယ် လက်ပံကုန်းကျေးရွာ၌ ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် သိန်း ၃၀၀ ထုတ်ချေးပေးပြီး ကျေးရွာမြစိမ်းရောင် စီမံကိန်း ကြီးကြပ်မှုကော်မတီမှ တာဝန်ယူ၍ ကျေးရွာနေပြည်သူများ မိသားစုဝင်ငွေတိုးပွားစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်၊ သက်မွေး လုပ်ငန်းနှင့် ကုန်ထုတ်လုပ်ငန်းများကို လည်ပတ်လုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျေးရွာတွင် စီမံကိန်းဝင် အသင်းသား စိုက်ပျိုးရေးလုပ်ကိုင်သူ ၇၀ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၇၁ ဦး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ ၂၂ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၅ ဦး၊ စုစုပေါင်း စီမံကိန်းဝင်အသင်းသား ၂၆၈ ဦး ရှိပြီး မြို့နယ်ဦးစီးမှူး ဦးညီညီဦးနှင့် ဝန်ထမ်းများက စီမံကိန်းလုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆဌမအကြိမ်မြောက် စီမံကိန်းရန်ပုံငွေကျပ် ၅၀၃၈၀၀၀၀ အား  ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ အသင်းသားများ လက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

ခင်ဦးမြို့နယ် လက်ပံကုန်းကျေးရွာရှိ ဒေသခံပြည်သူများမှာ ယခုအခါ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် မိသားစု ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ခွင့်ရရှိသည့်အတွက် ယခင်ကထက် စီးပွားရေး အခွင့်အလမ်းများ ပိုမိုတိုးတက် ကောင်းမွန်လာပြီး လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း၊ ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေ ကျပ် သိန်း(၁၈၀)ဖြင့် လျှပ်စစ်မီးသုံးစွဲနိုင်ရေး ကျေးရွာတွင်း(၄၀၀)ဗို့ ဓာတ်အားလိုင်း သွယ်တန်းခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ခင်ဦးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဦး ထံက သိရသည်။

 

လှိုင်ဝင်းလေး