မန္တလေး ၂၄ နိုဝင်ဘာ
တန်ဆောင်မုန်းလ ရောက်သည်နှင့် မြန်မာနိုင်ငံဒေသ အသီးသီးတွင် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲများကို ကျင်းပလေ့ရှိသည်။ ရက်ကန်းလုပ်ငန်းကို ရှေးခေတ်အခါက မြန်မာအမျိုးသမီးများသည် ဂျပ်ခုတ်ရက်ကန်းစင်များမှ စတင်ရက်လုပ်ခဲ့ပြီး ယခုကာလတွင် လွန်းပျံရက်ကန်းစင်များဖြင့် ရက်လုပ်ကပူဇော်လာသည်။
လက်ရှိကာလ တန်ဆောင်မုန်းလရောက်သည်နှင့် မသိုးသင်္ကန်း ရက်လုပ်လှူဒါန်းမှုကို ရိုးရာလွန်းပျံရက်ကန်းစင်များဖြင့် နေ့ချင်းပြီး ရက်လုပ်လှူဒါန်းကြရသည်။ တန်ဆောင်မုန်းလ မသိုးသင်္ကန်းရက်လုပ်လှူဒါန်းခြင်းကို ဘုရားဖူးများ စိတ်ဝင်တစား ကြည့်ရှုအားပေးလေ့ရှိသည်။ မသိုးသင်္ကန်းဆိုသည်မှာ ရက်ကူးခြင်းမရှိဘဲ အပြီးရက်လုပ်ခြင်းကြောင့် မသိုးသင်္ကန်းဟု ခေါ်ဝေါ်ကြောင်း သိရသည်။ စာပေများတွင်မူ မိထွေးတော် မဟာပဇာဂေါတမီ မယ်တော်မှစ၍ ရက်ကူးရင်ငင် မဖြစ်မူ၍ အလျင်ထုတ်ခြောက်ပြီးမြောက်သည်ကို မသိုးမပုတ်အစွမ်းတော်ကြောင့် မသိုးသင်္ကန်းအဖြစ် ခေါ်ဝေါ်ပေါ်ပေါက်ခဲ့ကြောင်း ဆိုထားသည်။ ရှေးခေတ် မသိုးသင်္ကန်းရက်လုပ်ပုံမှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။ အဆင့်တိုင်းကို လျင်မြန်စွာဖြင့် နေ့ချင်းပြီးအောင် လုပ်ဆောင်ကြသည်။
မသိုးသင်္ကန်းဖြစ်ပေါ်ရန်အတွက် အဆင့်(၁၄)ဆင့် ပြုလုပ်ရသည်။ ဝါပင်မှ ဝါကောက်ယူခြင်းဖြစ်သော (ဝါကောက်ခြင်း)၊ ကောက်ယူပြီးဝါကို ကြိတ်ခြင်း၊ တနည်းအားဖြင့် ဝါကြိတ်ရင်းဖြင့် ဝါစေ့ထွက်ကာ သန့်စင်သောဝါ ရရှိသည့်လုပ်ငန်း(ဝါကြိတ်ခြင်း) ကြိတ်ပြီးဝါများကို လေးကိုင်းသဖွယ် ပြုလုပ်ထားသည့် လေးကိုင်းဖြင့်ဆွဲကာဆွဲကာ ဖတ်ရသည့် ဝါဂွမ်းဖတ်ရသည့်အလုပ် (ဝါဂွမ်းဖတ်ခြင်း) ဖတ်ပြီးဝါကို သံလုံးအချွန်ကလေးဖြင့် ဆွဲကာဆွဲကာ လိပ်ယူရသည့် (ဗိုင်းလိပ်ခြင်း)၊ လိပ်ပြီးဝါကို ချည်ခင်ဖြစ်အောင် ကြိုးတပ်ထားသည့် ရစ်ဖြင့်ရစ်ယူခြင်းလုပ်ငန်း (ဗိုင်းငင်ခြင်း၊) ဝါမှ ချည်ခင်ဖြစ်အောင် စိတ်ရှည်စွာဖြင့် ချားရဟတ်ဖြင့် ရစ်ယူရသောလုပ်ငန်း ချည်သေ့ခြင်း၊ ချည်ခင်များကို မိမိကြိုက်နှစ်သက်သည့် အရောင်ကိုဆေးဆိုးရသည့် (ဆေးဆိုးခြင်း)၊ ချည်ခင်ဖြစ်ပြီးသော ချည်ခင်များကို စေးကပ်လာစေရန် ကော်ဖြင့် နယ်ဖက်ခြင်းအလုပ် (ချည်စာတင်ခြင်း)၊ ချည်စာတင်ပြီးသော ချည်ခင်များကို ဘီးပုံစံပြုလုပ်ထားသော ဘီးကြီးဖြင့် အစာကွဲအောင်ဖြီးသည့်လုပ်ငန်း (ချည်ဖြီးခြင်း)၊ ချည်ခင်များကို ခြောက်သွေ့အောင် ပြုလုပ်ပြီး တညင်းလုံးခေါ် ရောက်လုံးဖြင့် ချည်ချစက်နှင့် လှည့်လည်ကာ ချည်ချယူရသည့်လုပ်ငန်း (ချည်ချခြင်း)၊ တညင်းလုံးခေါ် ရောက်လုံးများကို စီကာ ချားရဟတ်ဖြင့် ပတ်ကာချားပုတ်ရသည့်လုပ်ငန်း (ချားပုတ်ခြင်း)၊ ချည်ပင်များကို တစ်ပင်ချင်းသွင်းယူရသည့်လုပ်ငန်း (နှပ်ကော်ခြင်း)၊ သံပြားပါးပါးကလေးများကို စီကာထားပြီး ကြိုးကိုစစ်စေးများဖြင့်သုတ်ကာ ကျစ်ထားသော ယဉ်သွားပေါက်ကို သံပြား သို့မဟုတ် ကြေးပြားပါးပါးကလေးကို ချိတ်သဖွယ်ပြုလုပ်၍ ချည်ခင်တစ်ပင်ခြင်းယူကာ ယဉ်သွားပေါက်သည့်လုပ်ငန်း (ယဉ်သွားပေါက်ခြင်း)၊ ယဉ်သွားပေါက်ပြီးသော လိပ်လုံးကို ရက်ကန်းစင်ပေါ်တင်ကာ အဖောက်ချည်ကို ရစ်ဖောက်ယူခြင်း (ရစ်ဖောက်ရောက်ပြီး) လွန်းတွင်ထည့်ကာ ရက်ကန်းခတ်ရသည့်လုပ်ငန်း (ရက်ကန်းခတ်ခြင်း)ဟူသော အဆင့်(၁၄)ဆင့်ကို အဆင့်ဆင့်ပြုလုပ်ရသည်။ ရှေးခေတ်က အလေးအမြတ်ထား ရက်လုပ်လှူဒါန်းသည့် မသိုသင်္ကန်းဖြစ်ရေးမှာ မလွယ်ကူလှပါချေ။ ထိုမျှမလွယ်ကူသောအဆင့်များကို နေ့ချင်းပြီးအောင် ရက်လုပ်ပြီး အလေးထားလှူဒါန်းခဲ့ပုံမှာ စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ လက်ရှိကာလတွင်လည်း ခေတ်နှင့်အညီ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲများကို မြန်မာနိုင်ငံဒေသအသီးသီးတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
တိမ်တမန်


