ဘုတလင် ၂၅ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နေအိမ်ပြင်ပသို့ သွားလာရာတွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား နိုဝင်ဘာ ၂၅ ရက်၊ နံနက် ၈ နာရီအချိန်က ယာယီဈေး ဖွင့်လှစ်ထားသည့် မြို့နယ်ပြည်သူ့အားကစားကွင်းရှေ့တွင် ရှောင်တခင် စစ်ဆေးအရေးယူခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အား လိုက်နာခြင်း ရှိ၊ မရှိ ရှောင်တခင် စစ်ဆေးခဲ့ကြသည်။
နေအိမ်ပြင်ပသို့ သွားလာရာတွင် ပါးစပ်နှင့် နှာခေါင်းစည်း(Mask) မတပ်ဆင်သူ ၁၀၈ ဦးကို တစ်ဦးလျှင် ငွေဒဏ် ကျပ် ၂၀၀ စီ ချမှတ်အရေးယူခဲ့ပြီး ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များကိုလည်း အခမဲ့ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)


