စလင်း  ၂၅ နိုဝင်ဘာ  

မကွေးတိုင်းဒေသကြီး၊  စလင်းမြို့နယ်အတွင်းရှိ  ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ ရရှိရေးအတွက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၉၇ ဒသမ ၈ သန်း အသုံးပြုကာ ကျေးရွာ ၄ ရွာ၌ တွင်းနက်တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်း ၄ ခုတို့အား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

သောက်သုံးရေရရှိရေးအတွက် ဆောင်ရွက်ရာတွင် စွယ်တယ်ရွာသစ်ကျေးရွာ၌ အနက်ပေ ၆၀၀ ရှိ လေးလက်မ စက်ရေတွင်း တူးဖော်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊  ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ မြို့သစ်ကျေးရွာ၌ အနက်ပေ ၆၀၀ ရှိ လေးလက်မစက်ရေတွင်းတူးဖော်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊  ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ ပေါင်းတူး(မ)ကျေးရွာ၌ အနက်ပေ ၅၀၀ ရှိ လေးလက်မစက်ရေတွင်းတူးဖော်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊  ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ လေးရွာကျေးရွာ၌ အနက်ပေ ၅၀၀ ရှိ လေးလက်မစက်ရေတွင်းတူးဖော်ခြင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံတည်ဆောက်ခြင်း၊  ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း စလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးခိုင်က ပြောပြ၍ သိရသည်။

 

``၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်မည့် ရေရရှိရေးလုပ်ငန်းများအား တင်ဒါအောင်မြင်သော လင်းမြတ်မင်း ကုမ္ပဏီမှ ယခုနှစ် ဒီဇင်ဘာလ ပထမပတ်က စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါလုပ်ငန်းများပြီးစီးပါက ကျေးရွာ ၄ ရွာက အိမ်ခြေ ၃၃၇ အိမ်၊ လူဦးရေ ၁၆၁၀ ဦးနှင့် ကျွဲ၊နွား တိရစ္ဆာန်များအတွက်ပါ အကျိုးပြုသွားမည်ဖြစ်ပါတယ်´´ဟု ၄င်းကပြောပြ၍ သိရသည်။

သူရိန်(မင်းဘူး)