ကော့ကရိတ် ၂၅ နိုဝင်ဘာ
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေ့စဉ် နံနက် ၈ နာရီမှစတင်၍ ရဲစခန်းလမ်းဆုံမီးပွိုင့်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် နှာခေါင်းစည်း Mask တပ်ဆင်လာခြင်း မရှိသူများ အသိပညာပေးခြင်းနှင့် Mask များ ဖြန့်ဝေပေးခြင်းတို့ကို ယမန်နေ့ကစတင်ပြီး နေ့စဉ်ကြပ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ဆောင်ရွက်မှုများအား ကိုဗစ်-၁၉ ရောဂါ မြို့နယ်စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြန်/ဆက်ဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် လူမှုရေးအဖွဲ့အစည်းများ ပူးပေါင်း၍ စက်ဘီးဆိုင်ကယ်များ၊ မော်တော်ယာဉ်များပေါ်တွင် လိုက်ပါလာသောသူများကို နှာခေါင်းစည်း Mask များ တပ်ဆင်လာခြင်းမရှိပါက အခမဲ့တပ်ဆင်ပေး၍ အပြင်ထွက်တိုင်း Mask များတပ်ဆင်လာကြရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျော်စိုးလွင်
ခရိုင် (ပြန်/ဆက်)


