နမ့်စန်  ၂၅   နိုဝင်ဘာ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၃ ရွာတွင် တစ်အိမ်သုံးဆိုလာစနစ် (Solar Home System- SHS) ဖြင့် လျှပ်စစ်မီးရရှိရေးကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KfW) နှင့် ပြည်သူတို့ပူးပေါင်း ထည့်ဝင်ငွေများဖြင့် လျှပ်စစ်မီး ရရှိရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း နမ့်စန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

အဆိုပါ တစ်အိမ်သုံးဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးမည့် ကျေးရွာ ၂၃ ရွာမှာ မတ်ကျန်း-၁၊ မတ်ကျန်း-၂၊ ကုန်းယွန်း၊ မိုက်ကမ်း၊ နမ့်ဟူးကူ၊ တာလိုင်းရွာ၊ နောင်ခမ်း၊ လွိုင်ဆောင်၊ ယာဆောင်၊ စျေးကုန်း၊ ညောင်ပင်သာ၊ ပန်ဆာ၊ ဆီးဆော့၊ ဟိုခို၊ နောင်ဝို၊ ဆမ်ခါ၊ လွယ်ပေါင်း၊ နမ့်ပဲ့၊ ဝမ်ဟင်၊ လွိုင်လ၊ လွိုင်အွန်၊ ပါလိုင်း၊ မိုက်ဟိုင်း ကျေးရွာများဖြစ်ပြီး ယင်းကျေးရွာ ၂၃ရွာတွင် တစ်အိမ်သုံး ၆၀ ဝပ်ဆိုလာ ၂၄၃ စုံ၊ ၁၀၀ဝပ်ဆိုလာ ၃၃၀ စုံ၊ လမ်းမီးတိုင် ၈၃ စုံ၊ မူလတန်းကျောင်းအတွက် ၁၆ စုံ၊ ဘာသာရေးအဆောက်အဦအတွက် ၁၅ စုံ၊ ကျေးလက်ဆေးပေးခန်းအတွက် ၃ စုံ၊ စုစုပေါင်းဆိုလာ ၆၉၅ စုံတပ်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယခုအချိန်တွင်ဆိုလာနှင့်ဆက်စပ်ပစ္စည်းများမှာ ကျေးရွာများသို့ရောက်ရှိနေပြီဖြစ်ပြီး ဒီဇင်ဘာလအတွင်း တပ်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါကျေးရွာ ၂၃ ရွာတွင်  တစ်အိမ်သုံးဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးရာတွင် မဟာဓာတ်အားလိုင်း ရောက်ရှိနေသည့် နေရာမှစပြီး ၁ဝ မိုင်အထက်မီး မရရှိသည့် ကျေးရွာများကို မီးရရှိစေရန်အတွက် တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် သီးသန့်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ ထိုသို့မီးရရှိရေး ဆောင်ရွက်ပေးရာတွင် တစ်အိမ်သုံးဆိုလာများမှာ ဝပ် ၆ဝ နှင့် ဝပ် ၁ဝဝ ဟူ၍ နှစ်မျိုးရှိပြီး မိမိတို့ အိမ်များတွင် သုံးစွဲရန်ယူသည့် ဝပ်အလိုက်တပ်ဆင်ပေးသွားမည်ဖြစ်သည်။

 

တစ်အိမ်သုံးဆိုလာများကို ဒေသခံပြည်သူများက မိမိပိုင်ပစ္စည်းကဲ့သို့ စနစ်တကျကိုင်တွယ် အသုံးပြုစေရန် ရည်ရွယ်၍ ဝပ် ၆၀ ဆိုလာစနစ်အတွက် ငွေကျပ်ငါးသောင်းနှင့်ဝပ် ၁၀၀ ဆိုလာစနစ်အတွက် ငွေကျပ် ၁၅၀၀၀၀ ပြည်သူ့အချိုးကျ အရစ်ကျစနစ်ဖြင့် နှစ်ကြိမ်ခွဲ၍ ထည့်ဝင်ရမည်ဖြစ်ပြီး ဆိုလာစနစ် တစ်စုံစာအတွက် ကျန်ရှိသည့်တန်ဖိုးကို စီမံကိန်းရန်ပုံငွေမှ ကျခံပေးမည်ဖြစ်ကြောင်း၊ စီမံကိန်းကျေးရွာရှိ အများပြည်သူပိုင် အဆောက်အဦများ ဖြစ်သည့် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးကျောင်းနှင့် လမ်းမီးတိုင်များကို စီမံကိန်းရန်ပုံငွေမှရာနှုန်းပြည့် အခမဲ့ထောက်ပံ့ ပေးမည်ဖြစ်ကြောင်း၊ အိမ်သုံး ဆိုလာစနစ်အတွက် ထည့်ဝင်ထားသည့် ပြည်သူထည့်ဝင်ငွေများအား ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများတွင်ပြန်လည် အသုံးပြုသွားမည်ဖြစ်ကြောင်း နမ့်စန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးဝင်း ကပြောပြ၍ သိရသည်။

ငြိမ်းသူ