မုံရွာ  ၂၅  နိုဝင်ဘာ

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အပူပိုင်းဇုန်သို့ ကျရောက်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၂)ခုတွင် ရေဝေရေလဲ စိုက်ခင်းများအဖြစ် ဧက(၃၀၀)ကို ဖော်ဆောင် စိုက်ပျိုးနိုင်ရေး စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦး၏ ပြောကြားချက်အရ သိရသည်။

 

ရေဝေရေလဲဒေသများရှိ သစ်တော ပေါက်ရောက်မှု နည်းပါးသည့် နေရာများတွင် ဘဏ္ဍာနှစ်အလိုက် သစ်တောစိုက်ခင်းများ ပြန်လည်စိမ်းလန်းစိုပြည်လာစေရန်၊ မြေဆီလွှာဆုံးရှုံးမှုများကို လျော့ချပေးနိုင်ရန်၊ အပူရှိန်များကို လျော့ချပေးနိုင်ရန်နှင့် မြေအောက်ရေခမ်းခြောက်မှုများကို ထိန်းသိမ်းနိုင်ရန် ရေဝေရေလဲ စိုက်ခင်းများကို တည်ထောင် စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။

 

“အပူပိုင်းဒေသမှာ ပြန်လည်စိမ်းလန်းစိုပြည်လာစေဖို့နဲ့ ဒေသအတွင်းမှာရှိတဲ့ ဆည်မြောင်း၊ ကန်တွေ၊ ချောင်းတွေနဲ့ မြစ်တွေရဲ့ ရေဝေရေလဲဒေသတွေ ပြန်လည်စိမ်းလန်းစေဖို့ စိုက်ပျိုးပေးတာဖြစ်ပါတယ်၊ အခုအခြေအနေမှာတော့ သစ်ပင်တွေ စိုက်ပျိုးနိုင်ဖို့ နေရာတွေကို ကွင်းဆင်းစစ်ဆေးတယ်၊ နေရာတွေ သတ်မှတ်ပြီး လာမဲ့မိုးရာသီအမှီ စိုက်ပျိုးနိုင်ဖို့ သစ်ပင်ကျင်းတူးတာတွေ လုပ်ဆောင်နေပြီ၊ ပျိုးပင်တွေလည်း စုဆောင်းနေပါပြီ” ဟု စစ်ကိုင်းတိုင်း ဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဘလွင်ဦး က ပြောသည်။

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဇုန်အတွင်း ကျရောက်လျက်ရှိသော ရွှေဘိုခရိုင် အတွင်းရှိ ရေဦးမြို့နယ်တွင် (၇၅)ဧက၊ ဒီပဲယင်းမြို့နယ်တွင် (၅၀)ဧက၊ ကန့်ဘလူမြို့နယ်တွင် (၂၅)ဧကနှင့် တန့်ဆည်မြို့နယ်တွင် ဧက(၁၀၀)အား လည်းကောင်း၊ စစ်ကိုင်းခရိုင်အတွင်းရှိ စစ်ကိုင်းမြို့နယ်တွင် ဧက(၅၀)အား လည်းကောင်း မိုးရာသီအမီ စိုက်ပျိုးနိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)