ကျွန်းစု ၂၅ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း လမ်းသွားလမ်းလာပြည်သူများ ပေါ့ဆနေမှုများ မရှိစေရေးအတွက် Mask တပ်ဆင်အသုံးပြုရေး အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီက မြို့မဈေးအရှေ့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်မှုနှုန်းမြှင့်မားနေပြီး ဖြစ်၍ ပြည်သူများအနေဖြင့် မပေါ့ဆကြရန်၊ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုမိုထိရောက်သဖြင့် အပြင်ထွက်ရင် Mask တပ်ဆင်အသုံးပြုဖို့ လိုအပ်ကြောင်း ပညာပေးဟောပြောခဲ့ပြီး Mask များ တပ်ဆင်ပေးခြင်းကို ပညာပေးအနေဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)


