ရန်ကုန်  ၂၅  နိုဝင်ဘာ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးနှင့် Thailand Inernational Cooperation Agency တို့က PPE ဝတ်စုံများ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများနှင့် FAVIPIRAVIR ဆေးများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသု တေသနဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ 

ပေးအပ်လှူဒါန်းပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး Mrs. Suphatra Srimaitreephithak က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ဆေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူး ချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း က ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းထံ  မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး က PPE ဝတ်စုံများ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် FAVIPIRAVIR ဆေးများ ပေးအပ်လှူ ဒါန်းပြီး ညွန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးနှင့် Thailand Inernational Cooperation Agency တို့က ထိုင်းဘတ်ငွေ ၇၈၈၀၀၀ နှင့်ညီမျှသော PPE ဝတ်စုံများ၊ ဆေးဘက်ဆိုင်ရာပစ္စည်းများနှင့် FAVIPIRAVIR ဆေးများကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ-ဇော်မင်းလတ်(MNA)