နေပြည်တော်  ၂၅  နိုဝင်ဘာ

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားသို့ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ United Nations Resident Coordinator and Humanitarian Coordinator, Mr. Ola Almgren ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ နေပြည်တော် အမျိုးသမီးကော်မတီနှင့် တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူး များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အစိုးရဌာန အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စု၀န်ကြီး ဒေါက်တာဝင်းမြတ်အေး က မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်ကစ၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆) ရက်တာလှုပ်ရှားမှု အခမ်းအနားများကို ကျင်းပခဲ့ခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ၏ ၅၁ ဒသမ ၈၁ ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်ပါကြောင်း၊ ထက်ဝက်ကျော် မကသော အမျိုးသမီးထုကြီး၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း၊ အမျိုးသမီး များအပေါ်အကြမ်းဖက်ခြင်းမှ ကာကွယ်ပေးခြင်းများသည် နိုင်ငံသားများအားလုံး၏ ဖွံ့ဖြိုးတိုးတက်ခြင်း၊ နိုင်ငံသား များအားလုံးကို အကာအကွယ်ပေးခြင်းဆောင်ရွက်ရာတွင် သက်ရောက်မှုရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အာဆီယံ အမျိုးသမီးကော်မတီ၊ ကလေးသူငယ်အခွင့်အရေးများမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး ကော်မရှင်အဖွဲ့ဝင် နိုင်ငံလည်းဖြစ်ပါကြောင်း၊ အာဆီယံဒေသတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေး လုပ်ငန်းအစီအစဉ်တွင်လည်း ကျန်အာဆီယံနိုင်ငံများနည်းတူ ပါ၀င်၍ အကောင်အထည်ဖော် လျက်ရှိရာ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ကာလလတ် ပြန်လည် သုံးသပ်မှုများ ဆောင်ရွက်ပြီးဖြစ်ကြောင်း။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီးအခွင့်အရေး မြှင့်တင်ဖော်ဆောင်သည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် မူဝါဒ(၄)ရပ်၊ လုပ်ငန်းတာဝန် (၁၂)ရပ်ချမှတ်ပြီး ဆောင်ရွက်လျက်ရှိရာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ကို ကျား/မ ရေးရာဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအဖြစ် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ထိုမဟာဗျူဟာ စီမံကိန်းသည် ၂၀၂၂ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမည်ဖြစ်၍ ပြောင်းလဲတိုးတက် ဖြစ်ပေါ်မှုအဆင့်(၂)ကို ကြိုတင်ရေးဆွဲပြီး ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ရာ အားလုံးပူးပေါင်း ပါ၀င် ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း။

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသား အဆင့်ကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းစီမံချက်ကိုလည်း ရေးဆွဲပြီးဖြစ်ရာ အကောင်အထည်ဖော်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန အနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို သတင်းပို့တိုင်ကြားနိုင်ရေးအတွက် (၂၄)နာရီ Help Line ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်က စတင်ထူထောင်ထားရှိခြင်း၊  အကြမ်းဖက်ခံရသူများကို တရားရင်ဆိုင်ခရီးစရိတ်နှင့် အသက်မွေးဝမ်းကြောင်းစရိတ် ထောက်ပံ့ပေးခြင်း၊ လုံခြုံရေးအတွက် နားခိုရာနေရာများ စီစဉ်ပေးခြင်း၊  အခြားသော ဝန်ဆောင်မှုများရရှိနိုင်ရေး ညွှန်းပို့ချိတ်ဆက်ပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အကြမ်းဖက်ခံ ရသည့် အမျိုးသမီးများကို ယာယီလက်ခံစောင့်ရှောက် ပေးနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ လားရှိုး၊ ကယားနှင့် မုံရွာမြို့တို့တွင် One Stop Women Support Ceter များ ဖွင့်လှစ်ထားရှိပြီး ဝန်ဆောင်မှုများ ပေးလျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လူမှုရေးရာ ဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ကို အသုံးပြုပြီး လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲသူ (Case Manager) (၂၅၀) ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

လက်ရှိကာလတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူများအနေဖြင့် အိမ်တွင်းနေထိုင်ရသောအချိန် ပိုမိုများပြား လာသည့်အတွက် မိသားစုနွေးထွေးမှုကို ပိုမိုဖန်တီးနိုင်ကြသလို တစ်ဖက်တွင်လည်း စားဝတ်နေရေးအပါအ၀င် အခြားသောအခက်အခဲများကြောင့် စိတ်ဖိစီးမှုများ ခံစားနေကြရပြီဖြစ်ကြောင်း၊ ယခုနှစ်အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုဆောင်ပုဒ်မှာ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ် တုံ့ပြန်ဖို့၊ သီးသန့်ရန်ပုံငွေထားရှိလို့ အချက်အလက်ကောက်ယူစို့” ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေများတွင် အိမ်တွင်း အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလာနိုင်သည်ဟု မှန်းဆရပါကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများက အထောက်အထား အချက်အလက်များ ရှာဖွေစုဆောင်းကြရန်နှင့် သုတေသနရလဒ်များ ထွက်ပေါ်လာပါက ပိုမိုတိကျစွာ သိရှိနိုင်ပြီး တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် အထောက်အကူပြုမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်သူများ ခံစားနေရသည့် စိတ်ဖိစီးမှုများ လျော့ကျစေရန်နှင့် စိတ်ပိုင်းဆိုင်ရာမြှင့် တင်စေရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် Hot Line များထားရှိပြီး ဝန်ဆောင်မှုပေးခြင်းများဖြင့် အခမဲ့ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိဖြစ်ပွားလျက်ရှိသည့် အခြေအနေများကိုသုံးသပ်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို လက်တွေ့အထောက်အကူပြုလျက်ရှိကြောင်း၊ သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး လုပ်ငန်းများအတွက် ရန်ပုံငွေများ ပိုမိုထောက်ပံ့ပေးရန်၊ ကျား/မ အခြေပြုအကြမ်းဖက်ခံရသူများအတွက် မရှိမဖြစ်လိုအပ်သော ၀န်ဆောင်မှုများ ရရှိနိုင်ရန်၊ တားဆီးကာကွယ်ရန်နှင့် ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်စေရန် အထောက်အထားများအဖြစ် အသုံးပြု နိုင်ရန်အတွက် လိုအပ်သည့်အချက်အလက်များ ကောက်ယူရန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အချက်အလက်အမှန်များ ရရှိရန်နှင့် လိုအပ်ချက်များဖော်ထုတ်နိုင်ရန် ပူးပေါင်းအကောင်အထည်ဖော်ကြရမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင် အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုမရှိစေရေး၊ ကျား/မ တန်းတူညီမျှမှုကို အထောက်အကူပြုစေရန် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရေး၊ ဒိမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို တည်ဆောက်ရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ကျား/မ ရေးရာအခြေပြု အကြမ်းဖက်မှုများအား ကာကွယ်နိုင်သည့် မူဝါဒများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ကိုယ်၀န်ဆောင်များအပါအ၀င် အမျိုးသမီးများဆိုင်ရာ အခွင့်အရေးများအတွက် ဥပဒေများ ပြဋ္ဌာန်းပေးရေးတို့ကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ အစည်းအဝေးများက ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများအဖြစ် အတည်ပြုချမှတ်ထားပြီးဖြစ်ကြောင်း။

ထိုအချက်များနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး၀န်ကြီးဌာနအနေဖြင့် မူဝါဒများ၊ လုပ်ငန်းစီမံကိန်းများ ချမှတ်ဖော်ဆောင်လျက်ရှိပြီး ဥပဒေရေးရာကဏ္ဍအနေနှင့်လည်း ရှိရင်းစွဲဥပဒေများ၌ ပြန်လည် ပြင်ဆင်ရန်လိုအပ်ပါက ပြန်လည်ပြင်ဆင်ခြင်း၊ အသစ်ပြဋ္ဌာန်းရန် လိုအပ်ပါက အသစ်ပြဋ္ဌာန်းခြင်းများ ဆောင်ရွက် ရန် အလွန်အရေးကြီးကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ဥပဒေကြောင်းအရ ပိုမိုကာကွယ်ပေးနိုင်ရန် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကို ရေးဆွဲထားရှိပြီး လွှတ်တော်အတွင်း ဆွေးနွေးမှုများ ဆောင်ရွက်ပြီးပါက ဥပဒေအမြန်ဆုံး ပြဋ္ဌာန်းနိုင်ရေးအတွက်လည်း ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှ တားဆီးကာကွယ်ရန် ပြည်သူလူထုကိုဗဟိုပြုပြီး အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့်လုပ်ငန်းများကို ဖော်ဆောင်လျက်ရှိကြောင်း၊ ကျား/မဆိုင်ရာ တန်းတူညီမျှမှုအတွက် ကဏ္ဍ အသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး(၃၀) ရာခိုင်နှုန်းပါ၀င်ရေးကို အားပေးရန်လည်း ပြည်ထောင်စု သဘောတူစာချုပ် နိုင်ငံရေးကဏ္ဍ အခြေခံမူသဘောတူညီချက်တွင် ထည့်သွင်းထားရာ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းစဉ်များသည် အရေးကြီးလာပါကြောင်း၊ နယ်စပ်ဒေသ တိုင်းရင်းသား အမျိုးသမီးများပါမကျန် အမျိုးသမီးများအားလုံး သာတူညီမျှ ဖွံ့ဖြိုးတိုးတက်မှု ခံစားရရှိစေရေး မိမိတို့နှင့်အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်လျက်ရှိကြသော အဖွဲ့အစည်းများအနေဖြင့် ယခုထက်ပိုမိုပြီး တိုးမြှင့်ဖော် ဆောင်သွားကြရန် ပြောကြားသည်။ 

ထို့နောက် UN Resident Coodinator, Mr. Ola Almgren က နှုတ်ခွန်းဆက်စကား ပြောကြားပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အသိပညာပေး ဗီဒီယိုများကို ပြသခဲ့သည်။

သတင်းစဉ်