နေပြည်တော်  ၂၅  နိုဝင်ဘာ

(၁၈) ကြိမ်မြောက် အာဆီယံ-ဂျပန် ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် အာဆီယံ- ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးများကို ယနေ့နံနက် ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့မှ ပို့ဆောင်ရေးဝန်ကြီးများ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ အမြဲတမ်းအတွင်းဝန်နှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဉီးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဉီးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဉီးစီးဌာန၊ လမ်းဉီးစီးဌာန၊ မြန်မာ့မီးရထားတို့မှဌာန အကြီးအကဲများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

(၁၈) ကြိမ်မြောက် အာဆီယံ-ဂျပန် ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံ-ဂျပန် ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစီမံကိန်း (၂၇)ခုတွင် ပါဝင်ပြီး ၂၀၂၁ ခုနှစ်အတွင်း ဉီးစားပေး အကောင်အထည် ဖော်ရန်ရှိသည့် ဝန်ဆောင်မှုကောင်းမွန်စွာဖြင့် ကမ္ဘာလှည့်ခရီးသည်များကို အပျော်စီးရေယာဉ်များဖြင့် ပို့ဆောင်မှုများ ဖွံ့ဖြိုးလာစေရေး၊ အာဆီယံဒေသတွင်း ရေလမ်းကြောင်း တိုးတက်ကောင်းမွန်စေရေးနှင့် ဒေသတွင်းရေယာဉ်များ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းလမ်းညွှန်များချမှတ်နိုင်စေရေး လုပ်ငန်းများအပေါ် ဆွေးနွေးအမြင်ချင်း ဖလှယ်ကြသည်။ 

ထို့အပြင် အာဆီယံနှင့် ဂျပန်နိုင်ငံတို့အကြား လုပ်ငန်းစဉ်သစ်များ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ကုန်သေတ္တာ ကိုင်တွယ်သော ဆိပ်ကမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရေးနှင့် အာဆီယံဒေသတွင်း ရေယာဉ်ငယ်များ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးတို့အတွက် လိုအပ်သည့် လုပ်ငန်းလမ်းညွှန်များရေးဆွဲရေး၊ ပို့ဆောင်ရေးကဏ္ဍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်မည့် နိုင်ငံအလိုက်လုပ်ငန်း အစီအစဉ်အသစ်ရေးဆွဲရေး (New Action Plan on Environmental Improvement) တို့ကိုလည်း ဆွေးနွေးအတည်ပြုခဲ့ကြသည်။

ယင်းနောက် (၁၁)ကြိမ်မြောက် အာဆီယံ-ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးများ အစည်း အဝေးကို ကျင်းပရာ  အာဆီယံ-ကိုရီးယား ပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံအရ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများ၊ အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံသို့ ဆောင်ရွက်ပေးလျက်ရှိသည့် အဓိကကျောရိုးလမ်းမကြီးဖြစ်သော ရန်ကုန်-မန္တလေးအမြန်လမ်းနှင့် ရန်ကုန်-ပုသိမ်-ငရုတ်ကောင်း လမ်းပိုင်းများ အဆင့်မြှင့်တင်ရေးအတွက် ဖြစ်မြောက်နိုင် စွမ်းလေ့လာရေးဆောင်ရွက်နေမှုနှင့် ဝါးတရာ တံတားတည်ဆောက်ရေးအတွက်  ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုဆောင်ရွက်မည့် စီအစဉ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်