မြိတ် ၂၅ နိုဝင်ဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်-ကျွန်းစုရှိ ကျွန်းများတွင် အပန်းဖြေခရီး လာရောက်လည်ပတ်ကြသည့် ခရီးသွား ဧည့်သည်များ ပိုမိုအဆင်ပြေစေရေးအတွက် ကျွန်းကိုအခြေခံသည့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism- CBT)ကို ကျွန်းစုမြို့နယ် ဒုံးကျွန်းပေါ်ရှိ ဒုံးညောင်းမှိုင်းကျေးရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ (၉၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ဒီဇင်ဘာလအတွင်း ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိ ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
“ဒုံးညောင်မှိုင်းကျေးရွာတွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း အကောင်အထည်ပေါ်လာလို့ရှိရင် ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်းသည် မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးကျွန်းအခြေပြု CBT ဖြစ်လာမှာဖြစ်ပြီးတော့ တနင်္သာရီတိုင်း တစ်တိုင်းလုံးမှာ အအောင်မြင်ဆုံး ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။ မြိတ်ခရိုင်ရဲ့ ကျွန်းခရီးစဉ်တွေမှာ ပုံမှန်အားဖြင့်ကျွန်းတွေပေါ်မှာ ညအိပ်ခွင့်မပေးထားတဲ့အတွက် ဒုံးညောင်မှိုင်း (CBT)ပေါ်လာတဲ့ အခါမှာ ညအိပ်လည်ပတ်လိုတဲ့ ခရီးသည်တွေအတွက် ပိုမိုအဆင်ပြေမှာဖြစ်ပါတယ်”ဟု မြိတ်ခရိုင်ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်လင်းဇော် က ပြောသည်။
မြိတ်ခရိုင်ရဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေကြေးနှင့် မူဝါဒပိုင်းဆိုင်ရာ ထောက်ပံ့ခွင့်ပြုမှု၊ မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း၏ ငွေကြေးလှူဒါန်းမှု၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုနှင့် ဒေသခံကျေးရွာပြည်သူများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ကျွန်းစုမြို့နယ် ဒုံးကျွန်းပေါ်ရှိ ဒုံးညောင်မှိုင်းကျေးရွာတွင် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းကို စီစဉ်ဆောင်ရွက် လျက်ရှိရာ (၉၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ဒီဇင်ဘာလအတွင်း ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“အဓိကတော့ ကျွန်းအခြေပြုခရီးသွားလုပ်ငန်းသွားတဲ့အချိန်မှာ ကျွန်းပေါ်မှာအပန်းဖြေစခန်းတွေ တရားဝင်ခွင့်ပြု ထားတာ မရှိတဲ့အတွက် ညအိပ်ရပ်နားလို့မရဘူး။ နေ့ချင်းပြန်ခရီးစဉ်တွေပဲ သွားရတယ်။ အခု ဒုံးညောင်မှိုင်းကျေးရွာမှာ ဖော်ဆောင်နေတဲ့ (CBT) ဟာဆိုရင် ပထမဦးဆုံးကျွန်းပေါ်မှာ ဖွင့်လှစ်တဲ့ (CBT)တစ်ခုလည်း ဖြစ်လာမယ်။ အဲဒီ (CBT) ရှိလာတဲ့အတွက်လည်း ကျွန်းပေါ်မှာ တရားဝင်ညအိပ်ခွင့်တွေ ရလာမှာပါ။ ဧည့်သည်တွေတောင်းဆိုနေတဲ့ ကျွန်းပေါ်မှာ ညအိပ်ပြီး သက်တောင့်သက်သာ သွားနိုင်မယ့်ခရီးစဉ်တွေ ဖြစ်လာမှာပါ” ဟု မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း ဉက္ကဌ ဒေါက်တာ သိန်းဆွေမြင့် က ပြောသည်။
ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဒုံးညောင်းမှိုင်းကျေးရွာတွင် ခရီးသွားဧည့်သည် များအနေဖြင့် ဆလုံလူမျိုး၊ ကရင်လူမျိုး၊ မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေနှင့် လူမှုဘဝ နေထိုင်မှုပုံစံများကို လေ့လာနိုင်မည်ဖြစ်ကြောင်း၊ ၄င်းအပြင် ကျွန်းပေါ်၌ စက်ဘီးစီးခြင်း၊ ကရွတ်လှေများလှော်ခတ်ပြီး ဒီရေတောများ လေ့လာခြင်း၊ ငါးမျှားခြင်း၊ ငါးဖမ်းလှေနှင့်လိုက်ပါ၍ ငါးဖမ်းလုပ်ငန်းလေ့လာခြင်း ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ဒုံးညောင်မှိုင်းကို အခြေပြု၍ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များအကြားမှာ ရေပန်းစားနေတဲ့ စမတ်ကွျန်းနဲ့ တခြားကွျန်းတွေကို ဒေသခံများ၏ မော်တော်ဘုတ်များဖြင့်သော်လည်းကောင်း၊ Speed Boat များဖြင့်သော် လည်းကောင်း သွားရောက်လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“(CBT)ဖြစ်လာတဲ့အချိန်ကျတော့ ရပ်ရွာလူထုအခြေပြုဆိုတော့ ဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လင်းလာလိမ့်မယ်။ အရင်တုန်းကဆိုရင် ဧည့်သည်တွေ ကျွန်းမှာညအိပ်ချင်ကြတယ်။ မြိတ်မှာပြေးဆွဲနေတဲ့ ကျွန်းခရီးစဉ် အကုန်လုံးဟာ နေ့ချင်းပြန်ခရီးစဉ်ပဲဆွဲတယ်။ မနက်သွားညနေပြန်ပါတယ်။ ဧည့်သည်တော်တော် များများက ကျွန်းပေါ်ညအိပ်ချင်တယ်။ ကျန်တဲ့ကျွန်းတွေကို လိုက်လည်ချင်တယ်။ (CBT)ဖြစ်လာပြီဆိုတော့ ညအိပ်တဲ့ အခွင့်အရေး ပိုလာပါတယ်။ ခရီးသွားလုပ်ငန်းကလည်း အလုပ်အကိုင်အခွင့်အလမ်းပိုလာသလို ဒေသခံတွေကလည်း အလုပ်အကိုင် အခွင့်အလမ်းပိုလာပါတယ်။ ဒုံးညောင်မှိုင်း (CBT)သည် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ (CBT)တွေနဲ့ မတူတဲ့ထူးခြားချက်က ကျွန်းပေါ်မှာရှိတဲ့ (CBT)ဟာ ဒီတစ်ခုပဲရှိပါတယ်” ဟု Mergui Dolphin ခရီးသွားလုပ်ငန်းမှ ဦးမြင့်သန်း က ပြောသည်။
မြိတ်ခရိုင် ခရီးသွားလုပ်ငန်းသည် ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ခရီးသွားလုပ်ငန်းစတင်စဉ် မြိတ်ခရိုင်အတွင်း၌ ဟိုတယ်နှင့် ခရီးသွားလိုင်စင်ရ ဟိုတယ်/တည်းခိုရိပ်သာ(၈)လုံးနှင့် ခရီးသွား ကုမ္ပဏီ(၆)ခုသာ ရှိကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်လာရောက်မှု များပြားလာကာ ဒေသခံလုပ်ငန်း ရှင်တွေရဲ့ ခရီးသွားလုပ်ငန်းနယ်ပယ်မှာ ရင်းနှီးမြုပ်နှံမှု စိတ်ဝင်စားလာကြသည့်အတွက် ဒေသအတွင်း ဟိုတယ် တည်းခိုရိပ်သာတွေ တိုးပွားလာကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
“ Community Based Tourism - CBT ဖွင့်လှစ်လိုက်ပြီဆိုရင်တော့ ဒုံးညောင်မှိုင်းကျေးရွာမှာ ကော်မတီဖွဲ့ပေးထား ပြီးပါပြီ။ ဒီကရတဲ့ပိုက်ဆံတွေကို ရွာကလူတွေပဲ စီမံခန့်ခွဲပိုင်ခွင့်ပေးထားပါတယ်။ လက်ရှိ ညောင်မှိုင်းရွာဆိုရင်လည်း ဆလုံလူမျိုးတွေ (၂၀၀)ကျော်လောက်ရှိတယ်။ ကျေးရွာမှာ (CBT)စခန်းပေါ်သွားပြီဆိုရင် ရွာခံတွေ ကနေပြီးတော့ သူတို့ရဲ့ဒေသခံ လှေလေးတွေနဲ့ ခရီးပြေးဆွဲခွင့်တွေရလာမယ်။ ပြီးတော့ စားသောက်ဆိုင်တွေ အလုပ်အကိုင်ရလာမယ်။ လက်မှုပစ္စည်းတွေရောင်းဖို့ အခွင့်အလှမ်းတွေ ရလာမယ်” ဟု မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းဉက္ကဋ္ဌ ဒေါက်တာ သိန်းဆွေမြင့် က ထပ်လောင်း ပြောကြားသည်။
မြိတ်ခရိုင်တွင် လက်ရှိအချိန်၌ ခရီးသွားကုမ္ပဏီ(၃၆)ခုရှိပြီး ခရီးသွားလုပ်ငန်းများတွင် ပြေးဆွဲလျက်ရှိသော Speed Boat (၄၀)ကျော်ရှိကြောင်း၊ ကျွန်းကိုအခြေခံသည့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း Community Based Tourism- CBT ဖွင့်လှစ်ပြီးပါက ခရီးသွားဧည့်သည်များ ကျွန်းအပန်းဖြေခရီးစဉ်တွင် ညအိပ်ရပ်နားနိုင်တော့မှာ ဖြစ်တဲ့အတွက် ယခင်ကထက် ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ်ကြမည်ဟု ခရီးသွားလုပ်ငန်းရှင်များက မျှော်လင့်နေ ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက် )


