နေပြည်တော် ၂၅ နိုဝင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ FAO တို့ပူးပေါင်း ဆောင်ရွက်သည့် “ငါးလုပ်ငန်းဆိုင်ရာ ပူးတွဲ စီမံခန့်ခွဲမှု စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း” စီမံကိန်းတည်နေရာ သတ်မှတ်ဖော်ထုတ်ခြင်း အစည်းအဝေးကို နိုဝင်ဘာ ၂၄ နှင့်၂၅ ရက် တွင် အွန်လိုင်း ဖြင့် ကျင်းပသည်။
နှစ်ရက်တာကျင်းပသည့် အဆိုပါ အစည်းဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ FAO ဌာနေကိုယ်စားလှယ်ရုံးမှ စီမံကိန်း ဆောင်ရွက်သူ အရာရှိများနှင့် အီတလီနိုင်ငံရှိ ရုံးချုပ်မှ အရာရှိများ၊ ရေလုပ်သားများ၊ ရေလုပ်ငန်းလုပ်ကိုင်ရာ အသိုင်းအဝိုင်းများမှာ ခေါင်းဆောင်များ၊ ငါးဖမ်းလုပ်သားများနှင့် ရေလုပ်သားများ၏ အဖွဲ့အစည်း တာဝန်ခံများ၊ ရေထွက်ကုန် ထုတ်လုပ်တင်ပို့သူများ၏ အဖွဲ့အစည်း ကိုယ်စားလှယ်များ၊ အခြားရေလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ အစိုးရနှင့် မသက်ဆိုင်သော ပြည်တွင်းအဖွဲ့အစည်းများ၊ အစိုးရနှင့် မသက်ဆိုင်သော နိုင်ငံတကာ အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြသည်။
ကမ္ဘာ့လူဦးရေ တိုးပွားလာခြင်း၊ ရာသီဥတုများ ပြောင်းလဲခြင်းနှင့် ရေထွက်ကုန်ပစ္စည်းများအပေါ် လိုအပ်ချက် မြင့်မားလာခြင်းတို့ကြောင့် ရေထွက် သယံဇာများ၏ ရေရှည်တည်တံ့ရေး၊ ငါးသယံဇာတများအား အလွန်အကျွံ ဖမ်းဆီးထုတ်ယူခြင်းအား ထိန်းသိမ်းရေး နှင့် စီးပွားရေး၊ စားဝတ်နေရေး၊ စားနပ်ရိက္ခာဖူလုံမှု၊ အဟာရပြည့်ဝစွာ စားသောက်နေထိုင်မှု အစရှိသော လူမှုရေးရှုထောင့်များအတွက် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်သော အဆိုပါ စီမံကိန်းသည် ရေသယံဇာတ အသုံးပြုဆောင်ရွက်သူများ၏ စွမ်းဆောင်ရည်နှင့် တာဝန်ယူမှုအားဖြင့် တရားဝင် အသိအမှတ်ပြု ဥပဒေမူဘောင်များ၊ ခိုင်မာသည့် သတင်းအချက်အလက်များကို အခြေခံသော ဆုံးဖြတ်ချက် ချမှတ်ခြင်းဆိုင်ရာ စနစ်များ၊ အခြားသော တိကျသည့် အားသာချက်များဖြင့် ကူညီထောက်ပံ့သွားမည့် စီမံခန့်ခွဲမှု ပုံစံတစ်ရပ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။
ကုလသမဂ္ဂ စားနပ်ရိက္ခာ နှင့် စိုက်ပျိုးရေးအဖွဲ့ FAO အနေဖြင့်လည်း ရွေးချယ်ထားသည့် သက်ဆိုင်ရာနိုင်ငံများ၏ ကမ်းရိုးတန်းဒေသများမှ ငါးဖမ်းရေလုပ်သားအဖွဲ့အစည်း အသိုင်းအဝိုင်းများအကြား ရေရှည်တည်တံ့ ခိုင်မာသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်လည်း ရည်ရွယ်ထားကြောင်း၊ ဤစီမံကိန်းသည် ရေလုပ်ငန်းလုပ်ကိုင်သူ လူမှု အသိုင်းအဝိုင်းအကြား လိုအပ်လျက်ရှိသော စိန်ခေါ်မှုနှင့် အခွင့်အလမ်းများအား ဖော်ထုတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ငါးဖမ်းလုပ်သားများ၏ အမြင်အယူအဆများ၊ ဒေသခံများ၏ ပါဝင်ဆောင်ရွက်မှုများဖြင့် စနစ်တကျစီစစ်၍ အလားအလာရှိသော ဖြည့်စွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အစိုးရနှင့် ငါးဖမ်းရေလုပ်သား အဖွဲ့အစည်း အသိုင်းအဝိုင်းများအကြား ငါးလုပ်ငန်း ပူးတွဲစီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန နှင့် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO တို့ပူးပေါင်းပြီး ရေရှည်တည်တံ့သော ငါးလုပ်ငန်းနှင့် မတူကွဲပြားသည့် အသက်မွေးဝမ်းကျောင်းမှုများကို အထောက်အကူပြုစေမည့် “ငါးလုပ်ငန်းဆိုင်ရာ ပူးတွဲ စီမံခန့်ခွဲမှု စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း” အကောင်အထည်ဖော်ဆောင်ရွက်ရန် ယခု ကျင်းပသည့် အစည်းအဝေးတွင် စီမံကိန်းနေရာ ရွေးချယ်မည့် စံသတ်မှတ်ချက်၏ နယ်ပယ်နှင့် ရည်ရွယ်ချက်များ၊ စံနှုန်းများအား ညှိနှိုင်းသတ်မှတ်သွားရန်၊ ဆက်လက်ဆောင်ရွက်သွားမည့် လမ်းစဉ်များအတွက် လိုအပ်သော အကြံဉာဏ်များရယူရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
သတင်းစဉ်


