ပွင့်ဖြူ  ၂၅  နိုဝင်ဘာ 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်သွားနိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် ကြားဖြတ်တိရစ္ဆာန် ကောင်ရေစာရင်းကောက်ယူရေး ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

သင်တန်းဖွင့်ပွဲတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန့်ဇော်ထွေး က ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေး ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးပြောကြားသည်။ 

ထို့နောက် တာဝန်ရှိသူများက တက်ရောက်လာသည့် တိရစ္ဆာန်ကျန်းမာရေးလုပ်သားများအား ကြားဖြတ်တိရစ္ဆာန် ကောင်ရေစာရင်း ကောက်ယူရာတွင် သိရှိလိုက်နာရမည့် အချက်များနှင့် စနစ်တကျ စာရင်းကောက်ယူ နည်းစနစ်များကို စာတွေ့လက်တွေ့ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ပြီး သိရှိလိုသည့်မေးခွန်းများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ 

အဆိုပါ သင်တန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ တိရစ္ဆာန်ကျန်းမာရေးလုပ်သား ၂၃ ဦး တက်ရောက်ခဲ့ပြီး သင်တန်းအား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)