နေပြည်တော်  ၂၅  နိုဝင်ဘာ

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် (၂/၂၀၂၀) ပုံမှန်အစည်းအဝေးကို ယနေ့ နံနက်  ၁၀  နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။ 

အစည်းအဝေးတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေခြင်းကြောင့် အခြားသောယှဉ်ပြိုင်မှု အာဏာပိုင်အဖွဲ့အစည်းများသည် အကောင်းဆုံးသော နည်းလမ်းများကို ရှာဖွေအသုံးချပြီး လုပ်ငန်းများလည်ပတ်နိုင်ရေး ကြိုးပမ်းနေကြပါကြောင်း၊ ထိုသို့ကြိုးပမ်း ကြရာတွင် ကိုဗစ်-၁၉ ကာလအတွင်း တုံ့ပြန်ဆောင်ရွက်မှုများကို ဆောင်ရွက်နေကြသကဲ့သို့ ကိုဗစ်-၁၉ ကာလအလွန် ထူထောင်ရေးလုပ်ငန်းများအတွက်လည်း ကြိုတင်ပြင်ဆင်လျက်ရှိရာ ယှဉ်ပြိုင်မှုအာဏာပိုင် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အရေးပါလာပါကြောင်း၊ ကုန်စည်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှု များအပေါ် ထိခိုက်မှုရှိလာချိန်တွင် ကုန်ပစ္စည်းများ အထူးသဖြင့် ကျန်းမာရေးသုံး ဆေးဝါးပစ္စည်းများနှင့် အခြေခံကုန်ပစ္စည်းများတွင် ဈေးကစားမှုပြုခြင်းများကို ယှဉ်ပြိုင်မှုဥပဒေအရ တားဆီးအရေးယူရသည်များလည်း ရှိလာပါကြောင်း၊ အခြားတစ်ဖက်တွင်လည်း အခြေအနေအရ နိုင်ငံတော်အစိုးရအနေဖြင့် ပံ့ပိုးမှုများဆောင်ရွက်နေပြီး ဖြေလျှော့မှုများကိုလည်း ကာလအကန့်အသတ်ဖြင့် ပြုလုပ်နေပါကြောင်း၊ ယှဉ်ပြိုင်မှုအာဏာပိုင် အဖွဲ့အစည်းများ အနေဖြင့်လည်း စီးပွားရေးလုပ်ငန်းများကို ယှဉ်ပြိုင်မှုဥပဒေမှ အတိုင်းအတာတစ်ခုအထိ ဖြေလျှော့ပေးနေရသည်များ လည်းရှိပါကြောင်း၊ ဥပမာအနေဖြင့် ယခင်က စီးပွားရေးလုပ်ငန်းများ ပူးပေါင်းမှုတွင် ယှဉ်ပြိုင်မှုအာဏာ ပိုင်များအနေဖြင့် စိစစ်ကြပ်မတ်မှုများလုပ်သော်လည်း ကိုဗစ်ကာလအတွင်း၌ ကျန်းမာရေးအထောက်အကူပြု ကုန်ပစ္စည်း သို့မဟုတ် အရေးကြီးကုန်စည်ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းများ ပေါင်းစည်းမှုတွင်  ဖြေလျှော့ ခွင့်ပြုပေးခြင်းများ ရှိပါကြောင်း။

မိမိတို့အနေဖြင့် ယခုကာလတွင် ကော်မရှင်အတွက်လိုအပ်သည့် လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာများ၊ လမ်းညွှန်ချက်များကို ပြင်ဆင်ရေးဆွဲထားကြရန် တိုက်တွန်းလိုပါကြောင်း၊ ထိုသို့ရေးဆွဲရာတွင် အဖွဲ့အစည်းအားလုံး၊ စီးပွားရေးလုပ်ငန်းအားလုံး ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်သူအားလုံးနှင့် ညှိနှိုင်းဆွေးနွေးမှုများကို အမြဲ မပြတ် လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ဖြောင့်မတ် မှန်ကန်ခြင်း၊ စိတ်ကောင်းစေတနာရှိခြင်းတို့နှင့် မိမိတို့ ကော်မရှင်၏ပုံရိပ်ကို တဖြည်းဖြည်းတည်ဆောက် မြှင့်တင်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ (၁/၂၀၂၀) အကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ လက်ခံရရှိထားသော တိုင်ကြားမှုများနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်