နေပြည်တော် ၂၅ နိုဝင်ဘာ
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၅/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း ငါးခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ လယ်ယာကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် အခြားဝန်ဆောင်မှု ကဏ္ဍတို့မှ လုပ်ငန်းသစ် ခြောက်ခုကိုခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ (၇၃ ဒသမ ၈၂၀) သန်းနှင့် ငွေကျပ် (၆၇၃ ဒသမ ၂၀၀) သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃,၃၀၀) ကိုဖန်တီးပေးနိုင်မည် ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။ နိုင်ငံ/ဒေသပေါင်း ၅၁ ခုမှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီး မြှုပ်နှံမှု၏ (၂၆ ဒသမ ၁၄ ရာခိုင်နှုန်း) ဖြင့် လည်းကောင်း၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၆ ဒသမ ၀၅ ရာခိုင်နှုန်း) ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ၅၆ ရာခိုင်နှုန်း) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
သတင်းစဉ်


