နေပြည်တော် ၂၅ နိုဝင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)နှင့် တရုတ်နိုင်ငံ အမျိုးသား ရုပ်မြင်သံကြားနှင့် အသံလွှင်ဌာန(NRTA)တို့ ရုပ်သံကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူ စာချွန်လွှာအရ ၂၀၂၀ ပြည့်နှစ် မြန်မာ့မီဒီယာ ပေါင်းစည်းရေးနှင့် ဆန်းသစ်တီထွင် ဖွံ့ဖြိုးတိုးတက်ရေး အွန်လိုင်းသင်တန်းကို ယနေ့ နံနက်ပိုင်းကကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့မှ ဝန်ထမ်းများအပါအဝင် မိတ်ဖက်ရုပ်သံလွှင့်မီဒီယာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
သင်တန်းတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနှစ်နိုင်ငံအကြား ရုပ်သံလွှင့်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်နေမှု၊ တရုတ်နိုင်ငံ၏ ခေတ်မီဆန်းသစ်သည့် 5G နည်းပညာရပ်များနှင့် ပိုမိုကောင်းမွန်သည့် ရုပ်သံထုတ်လွှင့် ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုအလွန် သတင်းတီထွင်ဖန်တီးမှုများနှင့် သတင်းထုတ်ပြန်ချက် အလေ့အကျင့်ကောင်းများ၊ တရုတ်နိုင်ငံ၏ အောင်မြင်ထင်ရှားသည့် ရုပ်ရှင်နှင့် ရုပ်မြင်သံကြား ဇာတ်ကားများ၊ ဇာတ်လမ်းတွဲများ၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား Cloud မှတစ်ဆင့် News Media ကဏ္ဍ ပူးပေါင်းဖလှယ်ထုတ်လွှင့်နိုင်ရန်များကို (NRTA) ဘက်မှ ကျွမ်းကျင် ပညာရှင်များက မျှဝေဆွေးနွေးသည်။
၂၀၂၀ ပြည့်နှစ် မြန်မာ့မီဒီယာပေါင်းစည်းရေးနှင့် ဆန်းသစ်တီထွင် ဖွံ့ဖြိုးတိုးတက်ရေး အွန်လိုင်းသင်တန်းကို နိုဝင်ဘာ ၂၅ ရက်မှ ဒီဇင်ဘာ ၁၄ ရက်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


