မြိုင် ၂၆ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရန် ရည်ရွယ်၍ စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းများကို နိုဝင်ဘာလ ဒုတိယအပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ တွင်းကာပိုက်ချခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ တွင်းဆေးလေမှုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အပူပိုင်းဇုန်ကျေးလက်ရေရရှိရေး စီမံကိန်း (JICA)စက်ဖြင့် မြိုင်မြို့နယ်၊ ထန်းဘုန်းတောကျေးရွာအုပ်စု၊ အောင်ချမ်းသာကျေးရွာ၌ အကျယ် ၄ လက်မ၊ အနက်ပေ ၇၆၀ ပေရှိ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ တစ်နာရီလျှင် ရေဂါလန် ၁၆၀၀ ခန့်ထွက်ရှိသည်အထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး နိုဝင်ဘာ ၂၅ ရက်နေ့က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ အပူပိုင်းဇုန်ကျေးလက်ရေရရှိရေးစီမံကိန်း (JICA)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်ဝင်းနှင့် မြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇော်မင်းဌေး


