ရန်ကုန်   ၂၆   နိုဝင်ဘာ    

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် သမိန်ဗရမ်းလမ်း အမှတ် (၅၃)၊ (၃) လွှာ ခေါင်းရင်းခန်းတွင် ယမန်နေ့ည ၉ နာရီအချိန်က ပုပ်ပွသေဆုံးနေသော အမျိုးသမီးအလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း တာမွေမြို့မရဲစခန်းမှ သိရသည်။

 

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် နတ်ချောင်းရပ်ကွက် သမိန်ဗရမ်းလမ်း အမှတ်(၅၃)၊ (၃) လွှာ ခေါင်းရင်းခန်းတွင် အပုပ်နံ့ထွက်နေကြောင်း အနီးပတ်ဝန်းကျင်မှ သတင်းပေးချက်အရ တာဝန်မှူး ဒုရဲအုပ်မောင်ကိုကို၊ နယ်ထိန်းရဲတပ်ကြပ် ဆန်းမင်းတို့သည် သက်သေများနှင့်အတူ အခင်းဖြစ်ရာသို့ သွားရောက်စစ်ဆေး ခဲ့ရာ အဆိုပါတိုက်ခန်းအတွင်းခန်းရှိ သစ်သားကျွန်းခုတင်ဘေးတွင် ယာဘက်ဘေးစောင်းအနေအထားဖြင့် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမှ မတွေ့ရှိဘဲ ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်း တစ်လောင်းအား တွေ့ရှိသဖြင့် စုံစမ်းစစ်ဆေးရာ သေဆုံးသူမှာ တိုက်ခန်းပိုင်ရှင် ဒေါ်မြမြရီဖြစ်ပြီး တစ်ဦးတည်းနေထိုင်ကာ ဆီးချို၊ သွေးတိုး ရောဂါခံစားနေရသူ ဖြစ်သည့်အပြင် စိတ်ဝေဒနာ ခံစားနေရသူဖြစ်ကြောင်း၊ ထောက်ကြန့်မြို့နေ သမီးငယ်ဖြစ်သူ ဒေါ်တင်ပပအေးမှ တစ်ခါတစ်ရံ လာရောက်ကြည့်ရှုပေးကြောင်း စုံစမ်းစစ်ဆေးချက်အရ သိရသည်။

 

အဆိုပါပုပ်ပွနေသည့် အမျိုးသမီးအလောင်းအား ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

နိုင်လင်းအောင်(ပြန်/ဆက်)