ပဲခူး  ၂၆  နိုဝင်ဘာ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ နိုဝင်ဘာ ၂၅ ရက်နေ့၊ ညနေ ၄ နာရီခွဲအချိန်က စိုက်ပျိုးရေး အခြေခံ ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ရေး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် Online Meeting စနစ်ဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်နှင့် အဖွဲ့ဝင်များက ပဲခူးတိုင်းဒေသကြီး သည် ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖြတ်သန်းသွားရာ မြို့ကြီးတစ်ခုဖြစ်ပြီး၊ မကြာမီ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်း စတင်တော့မည်ကို ကြားသိရပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် သဘာဝမှပေးထားသည့် ရေခံမြေခံကောင်းများရှိ၍ စိုက်ပျိုးရေးအခြေခံသည့် ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ရန် စိတ်ဝင်စားရခြင်း ဖြစ်ပါကြောင်း၊ ပဲခူးတိုင်းနယ်စပ် သာယာဝတီနှင့် ပြည်မြို့ကိုအခြေပြု၍ လည်းကောင်း၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ (၃၉)မိုင်နှင့် ဇောင်တူဝန်းကျင်၌လည်းကောင်း၊ ဝေါမြို့နယ် စစ်တောင်းတံတားအနီး ညောင်ခါးရှည်တွင်လည်းကောင်း စိုက်ပျိုးရေးအခြေခံခရီးသွားလုပ်ငန်းများ ဖော်ဆောင်သွားရန်နှင့် နေ့စဉ်ဒီရေအတက်အကျဖြစ်သည့် စစ်တောင်းမြစ်ဝရှိ နေရာတွင်လည်းကောင်း သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကိုလည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ရန် တွေ့ဆုံရခြင်းဖြစ်ပြီး အစိုးရအဖွဲ့မှလည်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းအား လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ပါရန် တင်ပြခဲ့ကြသည်။

 

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးသည် ယခင်အချိန်တုန်းက စေတီပုထိုးနှင့် ရှေးဟောင်းနယ်မြေများကိုသာ ခရီးသွားလုပ်ငန်းအဖြစ် အခြေပြုခဲ့ကြပြီး၊ ယခုအခါ သဘာဝပတ်ဝန်းကျင်ကို အခြေပြုသော ခရီးသွားလုပ်ငန်းများ စိတ်ဝင်တစား လာရောက်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့မှလည်း ခရီးသွားလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန် ရှေးဟောင်းနေရာများ၊ မြို့ဟောင်းများ၊ ကျုံးများ စသည်တို့ကို တူးဖော်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောက်ကြီးဒေသရှိ ကြောင်ပြာဒေသသည် အေဒီ(၆)ရာစုနှင့် (၇)ရာစုကြားရှိ လူများနေထိုင်ခဲ့ပြီး ဂဝံလက်လုပ်ပစ္စည်းများလည်းရှိကြောင်း၊ ရွှေကျင်မြို့နယ်တွင်လည်း ကျိုက်ထီးရိုးလေးဘုရားအား ခရီးသွားလုပ်ငန်းတိုးချဲ့ရန် စီစဉ်လျာထားပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန် ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ ရေတာရှည်မြို့နယ် နန်ချွန်ကျေးရွာအနီးတွင်လည်း ဒုတိယကမ္ဘာစစ်ကျန် မြေကတုတ်ကျင်းများ၊ လေယာဉ်ကွင်းအဟောင်းများကို ပြန်လည်ဖော်ထုတ်၍ ဒုတိယကမ္ဘာစစ် အထိမ်းအမှတ် အပန်းဖြေဥယျာဉ်အဖြစ် စီစဉ်ဆောင်ရွက်ရန် လျာထားကြောင်း၊ တောင်ငူမြို့တွင်လည်း ကျုံးများတူးဖော်၍ ယိုးဒယားပေါက်နှင့် မင်းလမ်းများအား ဖော်ထုတ်၍ ဒေသတွင်းသာမက ပြည်ပခရီးသွားများပါ လာရောက်လည်ပတ်နိုင်ရေး အစီအစဉ်များလည်း ဖော်ဆောင်ထားကြောင်း၊ ပဲခူးရိုးမကို အခြေပြုပြီး သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါကလည်း အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ သာယာဝတီခရိုင်အတွင်း ဆည်/တမံများ၌လည်းကောင်း၊ ပြည်ခရိုင်အတွင်း ဖိုးဦးတောင်၊ အကောက်တောင်ရှိ၍ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ထည့်သွင်းဆောင်ရွက်ရန် သင့်လျော်မှုရှိကြောင်းနှင့် ယခုပြောကြားခဲ့သည့် ဒေသများကိုလည်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း အနေဖြင့် ပြည်တွင်း/ပြည်ပ ခရီးသွားလုပ်ငန်း ခရီးစဉ်များတွင် ထည့်သွင်းရေးဆွဲပေးစေလိုကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက ဒေသတွင်းခရီးသွားလုပ်ငန်း နေရာသစ်များ ဖော်ဆောင်နိုင်ပါက ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိနိုင်ခြင်း၊ ဒေသထွက်ကုန်များ စျေးကွက်တစ်ခုအနေဖြင့် ပိုမိုရောင်းချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ တိုင်းဒေသကြီးဦးစီးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို လည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ပဲခူးတိုင်းဒေသကြီးအတွင်း ရှေးဟောင်းနယ်မြေသစ်များ ဖော်ထုတ်နေမှု အခြေအနေများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက စိုက်ပျိုးရေးနှင့်ပတ်သက်၍ မျိုးကောင်းမျိုးသန့် ထုတ်လုပ်ပေးနေမှု၊ စိုက်ပျိုးရေးနည်းပညာဖြန့်ဝေမှုနှင့် စိုက်ပျိုးရေးသုတေသနလုပ်ငန်းများလည်း လုပ်ဆောင်ပေးလျက် ရှိ၍ စိုက်ပျိုးရေးအခြေခံ ခရီးသွားလုပ်ငန်းအတွက် အကူအညီပေးနိုင်ပါကြောင်းကိုလည်းကောင်း အသီးသီးအကြံပြု ဆွေးနွေးခဲ့ကြသည်။

 

အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အစိုးရအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)