မင်းဘူး   ၂၆   နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငွေးလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် (၄၆)သန်းကျော်ဖြင့် တံတား (၁၉)စင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင် အရာရှိ ဦးဝင်းနိုင်ထံမှ သိရသည်။

 

 

“ကျွန်တော်တို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေနဲ့ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို နှစ်စဉ်ဆောင်ရွက်လျက်ရှိပါတယ်။ မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းမှာရှိတဲ့ အချို့ သစ်သားတံတားတွေ၊ ချောင်းကူးတံတားတွေ၊ ဘေလီတံတားတွေဟာဆိုရင် ယခင်ထဲကတိုင် တည်ဆောက်ထားတာဖြစ်တဲ့အတွက် နှစ်တွေကြာလာတဲ့အခါမှာ ဟောင်းနွမ်း ဆွေးမြေ့နေတာကြောင့် အမြဲတမ်းသွားလာနေတဲ့ မိဘပြည်သူတွေ အန္တရာယ်မဖြစ်စေဖို့အတွက် ကွန်ကရစ်တံတား တွေဖြစ် ပြန်လည်တည်ဆောက်ပေးသွားမှာဖြစ်ပါတယ်။ အခုဘဏ္ဍာနှစ်မှာဆိုရင်မြို့ပြ လမ်း၊ တံတား လုပ်ငန်းတွေ၊ ရေးစီးရေလာကောင်းမွန်ရေးနဲ့ ရေပေးဝေရေး လုပ်ငန်းတွေကို တို့မြှင့်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးဝင်းနိုင်က ပြောသည်။

 

 

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးမြို့ပေါ်တွင် ကွန်ကရစ်တံတား(၇)စင်းနှင့် စကုမြို့ပေါ်တွင် ကွန်ကရစ်တံတား (၁၂)စင်း၊ စုစုပေါင်း တံတား(၁၉)စင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ ကျပ် ၄၆ ဒဿမ ၈၀၅ သန်းဖြင့် တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

 

 

မောင်မောင်(မင်းဘူး)