မင်းတုန်း  ၂၆  နိုဝင်ဘာ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ၂၀၂၀ -၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၁၄၀ ဒသမ ၂၁၂၅သန်းကျော် အသုံးပြုကာ ကျေးရွာ ၂၀ ရွာ၌ သောက်သုံး ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သိရသည်။

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသောက်သုံးရေများ ဖူလုံစွာရရှိရေး အတွက်  ဦးစာပေး ဆောင်ရွက်လျက်ရှိရာ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနခွင့် ပြုရန်ပုံငွေကျပ် ၉၅ ဒသမ ၇၁၂၅ သန်း၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေကျပ် ၄၄ ဒသမ ၅ သန်းဖြင့် မြေသားရေကန် ခြောက်ကန်တိုးချဲ့တူးဖော်ခြင်းလုပ်ငန်း ၁၂ ခု၊ လက်တူးတွင်းတူးဖော်ခြင်းလုပ်ငန်းသုံးခု၊ ဂါလန် ၂၄၀၀ ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းလေးခုနှင့် (နိုင်ငံတော်နှင့် ယူနီဆက်ပူးပေါင်း ထောက်ပံ့ငွေ) ဖြင့် ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်း တစ်ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ လုပ်ငန်းများစတင်ဆောင်ရွက်နိုင်ရေး တင်ဒါအောင်မြင်ပြီးဖြစ်သော လုပ်ငန်းများကို သက်ဆိုင်ရာ ကုမ္ပဏီများဖြင့် စာချုပ်ချုပ်ဆိုပြီးဖြစ်ပါကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်က ပြောပြချက်အရ သိရသည်။

 

ကျွန်မတို့ မင်းတုန်းမြို့နယ်အတွင်း သောက်သုံးရေ  ရှားပါးနိုင်တဲ့ ကျေးရွာတွေကိုတော့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ မြို့နယ်စီမံခန့်ခွဲရေးကော်မတီတွေနဲ့ ဦးစားပေးအလိုက် ရွေးချယ်ပြီး ရေရှားပါးနိုင်မှု မရှိစေရေး အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ရေအောက်ရေအဝီစိစက်ရေတွင်း တူးဖော်မရရှိသော ကျေးရွာများကို အခြားရေရရှိရေးလုပ်ငန်းများကို ရွေးချယ်၍ ဆောင်ရွက်ပေးလျက်ရှိပါတယ် လို့ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်ဆုအောင်က ဆက်လက်ပြောပြသည်။

 

အဆိုပါကျေးရွာများတွင် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက‌ ကျေးရွာ(၂၀)ရွာရှိ အိမ်ခြေ (၁၉၇၃) အိမ်နှင့် လူဦးရေ (၇၃၇၄) ဦးတို့၏ ကျွဲ၊ နွားတိစ္ဆာန်များအတွက် သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

စိုးမိုးကျော်