ဘုတလင် ၂၆ နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် KOPIA Project အစီအစဉ်ဖြင့် သီးပင်အိုင်ကျေးရွာအုပ်စု၊ မကျီးစုကျေးရွာ၊ ကွင်းအမှတ် ၂၅၆ က၊ ဦးပိုင်အမှတ် ၉၊ တောင်သူ ဦးကျော်ဌေး၏ ယာခင်းတွင် နိုဝင်ဘာလ ၂၆ ရက်၊ နံနက်ပိုင်းက ဇလုပ်ဖြူ(၁) ဂျုံမျိုးကို ဓာတ်မြေဩဇာ စမ်းသပ်ကွက် စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

 

တောင်သူတွေက ဂျုံကို သမရိုးကျအနေနဲ့ မြေဩဇာ မသုံး၊ ရေမသွင်းဘဲ စိုက်ကြတယ်။ ကျွန်မတို့ရဲ့ နည်းပညာအရ မြေဩဇာကို မြေခံအဖြစ်လည်း ထည့်တယ်။ ရေကိုလည်း နှစ်ကြိမ်သွင်းပြီး စိုက်ပျိုးပါတယ်။ အထွက်နှုန်း ကွာခြားချက်ကို တောင်သူတွေ သိနိုင်အောင်လို့ စံပြအနေနဲ့ စိုက်ပျိုးတာပါ။ အခုစိုက်တာက ဈေးကွက်ဝင်ပြီး အထွက်ကောင်းတဲ့ ဇလုပ်ဖြူ(၁) ဂျုံမျိုးပါ။ လာမယ့်နှစ်တွေမှာ နိုင်ငံခြားဈေးကွက်အထိ ထိုးဖောက်နိုင်အောင်လို့ စမ်းသပ်စိုက်ပျိုးတာလို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်စန်းဝင်းက ပြောသည်။

 

မြေဩဇာစမ်းသပ်ကွက်ကို တစ်ဧကလျှင် ဂျုံတစ်တင်းခွဲနှုန်းဖြင့် ရေကို စစိုက်ချိန်တွင် တစ်ကြိမ်၊ ပန်းပွင့်ချိန်တွင် တစ်ကြိမ် ရေသွင်းပေးရပြီး စိုက်ပျိုးပြီး ရက်ပေါင်း ၁၀၀ ကျော်လျှင် ရိတ်သိမ်းနိုင်ကြောင်း၊ ဂျုံကို သာမန်ရိုးကျ စိုက်ပျိုးပါက တစ်ဧကလျှင် တင်း(၂၀)မှ (၂၅)တင်းအထိသာ ထွက်ရှိပြီး မြေဩဇာ သုံး၍ ရေသွင်းစိုက်ပျိုးပါက  တစ်ဧကလျှင် တင်း(၄၀)မှ (၄၅)တင်းအထိ ထွက်ရှိနိုင်ကြောင်း သိရသည်။

ဖိုးခါး(ပြန်/ဆက်)